ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို အမှတ်ပေးဇယားမှာလည်း အဆင့်၄ အတွင်း ဝင်ရောက်နိုင်ဖို့ ခက်ခဲနေတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တော့ပေမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ စည်းမျဉ်းသစ် တခုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ဖွယ် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် ၁၆သင်း ရှုံးထွက်အဆင့်မှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ကာ နှစ်ကျော့ပေါင်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

Photo Credit: Telegraph

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ဟာ ပြည်တွင်းလိဂ်မှာလည်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် အဆင့်၄ အတွင်း ဝင်ရောက်ခွင့် ရဖို့ မဆိုထားနဲ့ ယူရိုပါလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၅နေရာကို သိမ်းပိုက်နိုင်ဖို့တောင် မလွယ်ကူတော့ပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ကိုသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖွယ် ရှိနေပေမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAက ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ စည်းမျဉ်းသစ် တခုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမယ့် အနေအထားတွေကို ပိုင်ဆိုင်နေပါတယ်။

Photo Credit: Telegraph

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ UEFAဟာ လာမယ့် ဘောလုံးရာသီမှ စတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ အသင်းတွေထဲက အစဉ်အလာ ကြီးမားတဲ့ အသင်းနှစ်သင်းကို ပြိုင်ပွဲဝင်ခွင့် ပေးအပ်ဖို့ စီစဉ်နေကာ သူတို့ရဲ့ အဆိုပါစည်းမျဉ်းသစ်ကို ပြဌာန်းနိုင်ဖို့ ကြိုးစား ပြင်ဆင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပ ချန်ပီယံလိဂ်ဖလားကို ၃ကြိမ်တိုင်တိုင် ရယူထားနိုင်တဲ့ အသင်းတသင်း ဖြစ်တာကြောင့် UEFAရဲ့ စည်းမျဉ်းသစ်သာ အသက်ဝင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။