ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားရခက်တဲ့ ဝုဗ်အသင်းကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် အစဉ်အလာ ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် အဝေးကွင်း ရှုံးပွဲမရှိ အများဆုံးအသင်း အဖြစ် ၂၈ပွဲနဲ့ ယခုနှစ် ဘောလုံးရာသီအစ အထိ စံချိန်တင်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ စံချိန်ကို လိုက်မှီခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့ည ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အဖိုးတန် အနိုင်ဂိုးကြောင့် ဝုဗ်အသင်းကို အနိုင်ရခဲ့သလို အာဆင်နယ်အသင်းရဲ့ အဝေးကွင်း ရှုံးပွဲမရှိ အများဆုံးစံချိန်ကို ၂၉ပွဲနဲ့ ဖြတ်ကျော်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝုဗ်အသင်းရဲ့ အိမ်ကွင်း မော်လီနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ တိကျတဲ့ အဆုံးသတ်စွမ်းရည်ကြောင့် နိုင်ပွဲတပွဲ ရရှိခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ထပ် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ဟာ လတ်တလောမှာ ခြေစွမ်းကောင်းနေတဲ့ ဝက်စ်ဟမ်းအသင်းကို လန်ဒန်မြို့မှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ ယူနိုက်တက်တို့အနေနဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်မလား ၊ ဒါမှမဟုတ် ဝက်စ်ဟမ်းကပဲ ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်နိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။