ခရစ္စတီယာနိုရော်နယ်လ်ဒိုလို အသင်းအတွက် အရေးပါလှတဲ့ ကစားသမားကောင်းတစ်ယောက်ကို ပွဲတိုင်းမှာ အသုံးပြုဖို့ လိုအပ်တယ်ဆိုပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မှတ်ချက်ပြု ပြောစကားအပေါ် လက်ရှိ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူရဲ့အမြင်နဲ့ ပြန်လည်တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Advent

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ ယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ တွေ့ဆုံကစားခဲ့စဉ်တုန်းက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ အနားပေးခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန်မှသာ အသုံးပြုခဲ့သလို အသင်းကလည်း တစ်ဖက်တစ်ဂိုးစီ သရေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ ပွဲအပြီးမှာ ဆိုးလ်ရှားရဲ့ ဆရာသမားဟောင်းကြီးဖြစ်တဲ့ ဖာဂူဆန်က ရော်နယ်လ်ဒိုကို ပွဲထွက်မသုံးခဲ့တဲ့ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်စကား ဆိုသွားခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို ပွဲထွက်ကစားသမားအဖြစ် အမြဲတမ််း သုံးစွဲသင့်တယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TNP

ဒီလို ပြစ်တင်စကားနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် စိတ်အေးအေးပဲ ထားနေပါတယ်။ ဖာဂီနဲ့ ကျွန်တော်တို့ကြားမှာ သဘောမတူနိုင််တာလေးတွေက အကြိမ်ကြိမ် ရှိခဲ့ဖူးသလို ဒီလို ကိစ္စရပ်တွေကိုလည်း ကျွန်တော်ရဲ့ဇနီးကို မကြာခဏ ပြောပြခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဒီလို ကိစ္စတွေကိုတော့ ကျွန်တော် ကစားသမားဘဝမှာတုန်းက နာမည်ကြီးသတင်းတွေ ဖြစ်လာအောင် မလုပ်ခဲ့ဖူးပါဘူး။ ဆာအဲလက်စ်အနေနဲ့ကလည်း အခုပြောဆိုခဲ့တာတွေကလည်း ကျွန်တော့်ကို စိတ်အနှောင်အယှက် ဖြစ်စေချင်တဲ့ ရည်ရွှယ်ချက် မပါဝင်ဘူးဆိုတာကို ကျွန်တော် သေချာသိပါတယ်။ ကျွန်တော်တို့အားလုံးက ခရစ္စတီယာနို ကစားတာကို မြင်ချင်ကြတာကို။ ဒါကို ကျွန်တော်တို့အားလုံး လိုချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူက တမူထူးခြားတယ်။ အခြား ကစားသမားတွေနဲ့ ကွဲပြားတယ်။ လူတိုင်းကလည်း သူ့ကိုလာပြီး ကြည့်ချင်ကြတယ်။ ဒါပေမယ့် အရှင်းဆုံး ပြောရရင်တော့ သူ့ကို ကျွန်တော်တို့အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ဝင်ကစားခိုင်းလို့က မဖြစ်ပါဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာ သဘောသဘာဝ လူသားသဘာဝပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်က ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကိုလည်း ဖာဂီ သိပါတယ်။ သူလည်း အကောင်းဆုံး ကစားသမား(၁၁)ယောက်ကို အမြဲတမ်းမှ မသုံးနိုင်ခဲ့တာ။ ရိုင်ယန်ဂစ် ဝိန်းရွန်နီ ဒေးဗစ်ဘက်ခမ်းတို့လို အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကိုတောင် အမြဲတမ်းသုံးရင် အန္တရာယ်များလို့ အနားပေးခဲ့ရတာတောင် ရှိခဲ့သေးတာပဲ။ ဒါက တစ်ခါတစ်ရံမှာ အလုပ်ဖြစ်သလို တစ်ခါတစ်ရံမှာလည်း အလုပ်မဖြစ်နိုင်ဘူး”လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။