မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မထင်မှတ်ပဲနဲ့ အိမ်ကွင်းမှာ ရှက်ဖီးအသင်းကို (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် နိုဝင်ဘာလနောက်ပိုင်းမှ ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲရင်ဆိုင်ခဲ့ရသလို ဒီနှစ်ဘောလုံးရာသီရဲ့ (၄)ပွဲမြောက် ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲကိုပါ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။

Photo Credit : FotMob

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒီပွဲစဉ်အတွင်း ခံစစ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို လင်ဒီလော့ ဒါမှမဟုတ် ဘိုင်လီနဲ့ တွဲဖက်ကစားခဲ့ခြင်းမရှိပဲ တွမ်ဇီဘီကို ရွေးချယ်လာခဲ့သလို ကွင်းလယ်မှာလည်း အသင်းအတွက် ခြေစွမ်းပြလို့နေတဲ့ ဖရက် တွမ်မီနေးတို့အစား မာတစ်ကို အသုံးပြုလာခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှာဆိုရင်လည်း ပါဝင်ကစားခဲ့သမျှ ပွဲတိုင်းလိုလို အသင်းကို အကျိုးပြုနိုင်ခြင်းမရှိတဲ့ အန်တိုနီမာစီယဲလ်ကို ထမ်မံသုံးစွဲလာခဲ့ပြီး မာစီယဲလ်ကလည်း ဒီပွဲမှာ မယ်မယ်ရရ ဘာမှမစွမ်းဆောင်နိုင်ခဲ့ပဲ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုသာ တစ်ပုံတစ်ပင်ကြီး ရရှိသွားခဲ့ရပါတယ်။

Photo Credit : The Sun

ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ကျွန်တော်ကတော့ ဒီနေ့ည အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အသင်းသားတွေအားလုံးက ဝေဖန်မှုတွေ ရင်ဆိုင်ရသင့်တယ်လို့ပဲ ထင်မိပါတယ်။ ကျွန်တော်တို့အားလုံး ဝေဖန်ခံရသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက ပုံစံကောင်းမပြနိုင်ခဲ့ကြဘူးလေ။ အန်တိုနီလည်း ဝေဖန်မှုတွေက လွတ်မြောက်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး။ အန်တိုနီက လေ့ကျင့်ရေးအစီအစဉ်မှာဆိုရင် အရမ်းကို ကြိုးစားတဲ့သူပါ။ သူရဲ့ရွေ့လျားမှုတွေ အဆုံးသတ်တွေကောင်းမွန်ဖို့အတွက် အမြဲကြိုးစားနေတဲ့သူပါ။ သူသာ ကွင်းအတွင်းမှာ ခြေစွမ်းပိုင်း ပိုကောင်းလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်လည်း စနိုးစနောင့် ဖြစ်ရတာတွေ ရှိတော့မှာမဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မာစီယဲလ်ဟာ ဒီနှစ်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစာသမားတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ကစားထားပြီးနောက် (၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကျဆင်းနေတဲ့ မာစီယဲလ်ကို ယူနိုက်တက်ပရိသတ်တွေကတော့ အတော်လေးကို စိတ်ပျက်နေကြပြီး အသင်းပရိသတ်တွေက အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ မာစီယဲလ် ပါဝင်လာခြင်းမရှိဖို့ကိုတောင် မျှော်လင့်နေကြပါတယ်။