မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်လို့နေတဲ့ ဝါရင့်နည်းပြကြီး ရန်းနစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သူရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးသော ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီးနောက် အခုလည်း အသင်းရဲ့ အဝတ်လဲအခန်းအတွင်း ပြသာနာတွေနဲ့ ကစားသမား အများအပြား အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတဲ့ ပြသာနာတို့နဲ့ပါ ရင်ဆိုင်နေရပါတယ်။

Photo Credit : Daily Express

အသက်(၆၃)နှစ်အရွယ် ဂျာမနီလူမျိုး ဝါရင့်နည်းပြကြီး ရန်းနစ်ဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကိုင်တွယ်ထားနိုင်ပေမယ့်လည်း ၂၀၂၂ခုနှစ် နှစ်သစ်မှာတော့ အိမ်ကွင်းရှုံးပွဲနဲ့ စတင်ရင်ဆိုင်လိုက်ရပါတယ်။ ဒီရှုံးပွဲကြောင့် ရန်းနစ်ရဲ့ နည်းဗျူဟာနဲ့ အသင်းသားတွေရဲ့ ပွဲအပေါ် အာရုံစိုက်မှုတွေအပေါ် ပြစ်တင်ဝေဖန်ခံနေရတဲ့အပြင် ယူနိုက်တက်အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာလည်း ကတောက်ကဆတွေ ဖြစ်ပေါ်နေသလို အသင်းသား (၁၁)ယောက်ခန့်ကလည်း အသင်းနဲ့ လက်တွဲဖြုတတ်သွားဖို့အထိပါ အစီအစဉ် ရှိနေကြတယ်လို့ ယူနိုက်တက် သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီသတင်းအရင်းအမြစ်ကနေ ဖော်ပြလာချက်အရ ဒီကစားသမားတွေဟာ ယူနိုက်တက် ကစားသမားဘဝအပေါ် စိတ်ပျက်နေကြတာကြောင့် အခု ဆောင်းစျေးကွက် ဒါမှမဟုတ် လာမယ့် နွေစျေးကွက်ထဲမှာပဲ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားတွေထဲမှာ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ် နောက်ခံလူ အဲရစ်ဘိုင်လီ ဂိုးသမား ဒင်းဟန်ဒါဆန် ကွင်းလယ်လူ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်တို့ ပါဝင်လျက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အသင်းကနေ အခုလို ထွက်ခွာချင်နေတဲ့ ကစားသမားတွေဟာ ရန်းနစ်ရဲ့ နည်းစနစ်တွေအပေါ်မှာ စိတ်တိုင်းကျြုခင်း မရှိခြင်းနဲ့ ပွဲကစားခွင့် နည်းပါးခြင်းတွေကြောင့် အသင်းနဲ့ လမ်းခွဲချင်နေတာဖြစ်သလို လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ သက်ဆိုင်ရာ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် အခုလို အသင်း အပြောင်းအလဲ လုပ်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်းနစ်ရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်လို့နေပြီး ဒီဇန်နဝါရီလထဲမှာပဲ ဗီလာအသင်းနဲ့ အက်အေဖလားပွဲမှာရော ပရီးမီးယားလိဂ်မှာပါ ဆက်တိုက်ဆုံတွေ့မှာ ဖြစ်သလို ဒီပွဲတွေပြီးရင်လည်း ဝက်စ်ဟမ်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။