မနေ့ညက တော့တင်ဟမ်ဟော့စပါးကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဧည့်သည်ယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို ကာဗာနီ ရပ်ရှ်ဖိုဒ့်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ရလဒ်ဆိုးတွေအောက်ကနေ လွတ်ထွက်လာနိုင်ခဲ့သလို ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားမှာလည်း ဖိအားတွေကနေ အနည်းငယ် လွတ်မြောက်လာခဲ့ရပါတယ်။

Photo Credit : Twitter

အိုးထရက်ဖိုဒ့်ကွင်းမှာ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းကို (၅)ဂိုးပြတ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအတော်စားလာခဲ့ရတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ စပါးအသင်းနဲ့ ပွဲစဉ်အထိ အသင်းကို ဆက်လက်ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး ဒီပွဲစဉ်မှာလည်း သူ့ကို ရော်နယ်လ်ဒိုအပါအဝင် ကာဗာနီ ရပ်ရှ်ဖိုဒ့်တို့ကနေ သွင်းဂိုးတွေနဲ့အတူ ကယ်တင်သွားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “အက်ဒီဆန်ကာဗာနီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ရဲ့ အတွေ့အကြုံတွေက တကယ့်ကို ကြီးမားပါတယ်”

Photo Credit : Twitter

“ကျွန်တော်တို့အနေနဲ့ ဒါကို လိုအပ်တယ်။ ဒါကို ကျွန်တော် ဖုံးကွယ်လို့ မရနိုင်ဘူး။ ဒီတစ်ပတ်တာအတွင်းက အသင်းရဲ့ ကစားသမားတွေအားလုံးအတွက် ခက်ခဲခဲ့ပါတယ်။ သူတို့က ဒီအခြေအနေကနေ ရုန်းထွက်ကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အတွေ့အကြုံကောင်းတွေက တကယ်ကို လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်လ်ဒိုက ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်တင်ပေးပို့မှုကနေတစ်ဆင့် အကောင်းဆုံး အဆုံးသတ်မျိုးနဲ့ သွင်းယူနိုင်ခဲ့သလို ဒုတိယမြောက် ဂိုးကိုလည်း ရော်နယ်လ်ဒိုရဲ့ ပေးပို့မှုကနေတစ်ဆင့် ဒီရာသီမှာ ယူနိုက်တက်အတွက် သွင်းဂိုးမရယူနိုင်သေးတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီက သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းရဲ့ပွဲသိမ်းသွင်းဂိုးကို လက်စတာကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကမှ ဒဏ်ရာကနေ ပြန်သက်သာလာလို့ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်တဲ့ ရပ်ရှ်ဖိုဒ့်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာအထိ ပြန်လည်တတ်လှမ်းလာနိုင်ခဲ့သလို လတ်တလောမှာ ပွဲကျပ်တွေ တောက်လျှောက်ဖြတ်သန်းနေရတဲ့ အသင်းအတွက်ကလည်း စိတ်ဓါတ်တတ်ကြွသွားခဲ့ရပါတယ်။