လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက် ရှိလို့နေတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ အာမာဒူဟိုက်ဒရာက ယူနိုက်တက်အသင်းက သူငယ်စဉ်လေးကတည်းကနေ အားပေးလာခဲ့တဲ့ ဘောလုံးအသင်း တစ်သင်းဖြစ်ကြောင်းနဲ့ ယူနိုက်တက်အသင်းမှာ လက်ရှိလည်း ပါဝင်ကစားလို့နေတဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့လည်း အမာခံ ပရိသတ်တစ်ယောက် ဖြစ်ကြောင်းကိုပါ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : We All Follow United

အသက်(၂၃)နှစ်အရွှယ်ရှိ မာလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဟိုက်ဒရာဟာ သူရဲ့စီနီယာ ကစားသမားဘဝကို သြစတြီးယား ထိပ်သီးကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ စတင်ခဲ့ရတာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရက်ဘူးအချိုရည်ပိုင် နောက်ထပ် အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းဆီကို ရောက်ရှိခဲ့ရခြင်းဟာ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်နေတဲ့ နည်းပြကြီး ရန်းနစ်ကြောင့်သာဖြစ်ပြီး သူ့ဆီမှာ ဒဏ်ရာပြသာနာအချို့နဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပေမယ့် ရန်းနစ်က သူ့ကို လိုက်ပ်ဇစ်ဆီသာ ရောက်ရှိလာအောင် အဓိကနေရာကနေ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဟိုက်ဒရာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အခုလက်ရှိမှာ ရန်းနစ်က ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေချိန် သူရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ဟိုက်ဒရာကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး ဟိုက်ဒရာကလည်း ရန်းနစ်လက်ထက် ယူနိုက်တက်အသင်းဆီကို ပထမဆုံးအဖြစ် ရောက်ရှိလာမယ့် ကစားသမားသစ်ပါ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒီလို ယူနိုက်တက်အသင်းနဲ့ သတင်းထွက်နေတဲ့ ဟိုက်ဒရာက “လူတိုုင်းက သူတို့ရဲ့ ကလေးဘဝမှာ အကြိုက်ဆုံး ဘောလုံးအသင်း တစ်သင်းတော့ ရှိခဲ့ကြမှာပဲ။ ကျွန်တော်ရဲ့ အကြိုက်ဆုံး ဘောလုံးအသင်းကတော့ မန်ချက်စတာယူနိုက်တက်ပါ။ ဒါပေမယ့် အပြောင်းအရွှေ့ ကောလဟာလတွေနဲ့ပတ်သက်ပြီး ခင်ဗျားက ကျွန်တော့်ကို ပြောချင်တယ်ဆိုရင်တော့ ကျွန်တော်အခု လိုက်ပ်ဇစ်အသင်းမှာပါပဲ။ အဆင်ပြေနေတယ်လို့လည်း ခံစားရပါတယ်” လို့ နာမည်ကြီး ဂျာမနီသတင်းစာ Blid နဲ့ အင်တာဗျူးမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဟိုက်ဒရာဟာ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၉၅)ပွဲ ပါဝင်ကစားထားနိုင်ပြီး သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူထားပေးနိုင်ခဲ့သလို ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။