ဒဏ်ရာပြသာနာကြောင့် ကာလအတန်ကြာ အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီ ဖြစ်ပေမယ့်လည်း ဒဏ်ရာကနေ အရှင်းသက်သာလာဖို့နဲ့ ကစားသမားရဲ့ ကြံခိုင်မှု အခြေအနေ ပြည့်ဝလာဖို့အတွက် အလျင်စလို အသင်းမှာ ထည့်သွင်းအသုံးပြုဖွယ် မရှိသေးပဲ လာမယ့် အောက်တိုဘာလလယ်လောက်မှသာ စတင်သုံးစွဲဖွယ် ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခဲ့ပြီးနောက်ပိုင်းကတည်းက ကာလရှည်ကြာ ခံစားနေရတဲ့ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်တာကြောင့် ယူနိုက်တက်အသင်းရဲက ပွဲစဉ်တွေအားလုံး လွဲချော်ထားခဲ့ရပြီး လာမယ့် အောက်တိုဘာလမှသာ ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေရပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ပခုံးဒဏ်ရာ ခံစားနေရရင်းနဲ့ ယူရိုပြိုင်ပွဲကိုပါ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး အီတလီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဖို်င်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူနေစဉ်အတွင်း သူရဲ့ကန်ချက်က ဂိုးမဝင်ခဲ့လို့ ပရိသတ်များစွာရဲ့ လှောင်ပြောင်ဝေဖန်ခံခဲ့ရသလို အသားအရောင်ခွဲခြား စော်ကားမှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါသေးတယ်။

Photo Credit : The Sun

အခုတော့ ပခုံးဒဏ်ရာကို အောင်မြင်စွာနဲ့ ခွဲစိတ်ပြီးထားတဲ့ ရပ်ရှ်ဖိုဒ့်ဟာ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး ယူနိုက်တက်နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားရဲ့ ပြောဆိုချက်အရ ရပ်ရှ်ဖိုဒ့်အနေနဲ့ လာမယ့် အောက်တိုဘာလလယ်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သိထားရပါတယ်။ ဆိုးလ်ရှားက ဝက်စ်ဟမ်းအသင်းနဲ့ လိဂ်ဖလားပြိုင်ပွဲ မဆင်နွဲခင်ကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ တဲလက်စ်နဲ့ ရပ်ရှ်ဖိုဒ့်တို့ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့သလို တဲလက်စ်ကိုလည်း ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်နဲ့ပ့ါ ထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။ ရပ်ရှ်ဖိုဒ့်ကတော့ အောက်တိုဘာလအတွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရဖို့ ရှိနေသေးတဲ့ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာပဲ ယူနို်က်တက်အသင်းနဲ့ ပြန်လည်ပွဲထွက်နိုင်တော့မှာဖြစ်ပြီး လက်ရှိအသင်းရဲ့ ကစားသမားအနေအထားအရ ရပ်ရှ်ဖိုဒ့် ပြန်လည်ပါဝင်လာခဲ့မယ်ဆိုရင် ဆန်ချို ရပ်ရှ်ဖိုဒ့် ရော်နယ်လ်ဒိုတို့ တိုက်စစ်အစုအဖွဲ့ကို အသုံးပြုဖွယ် ရှိနေတာကြောင့် လူငယ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်က ပိုမိုနေရာပျောက်ရဖွယ် ရှိနေပါတယ်။