ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်း နည်းပြရာထူး အတွက် နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ နည်းပြ တန်ဟက်ဂ်ကို ခေါ်ယူ ခန့်အပ်ဖို့ အဓိက စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဂျာမန် ဘောလုံးဂုရုကြီး ရက်ဖ် ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ၆လစာချုပ်နဲ့ ခန့်အပ်ထားပါတယ်။
Photo Credit: Metro
ရန်းဂ်နစ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်ပိုင်းက အနည်းငယ် တည်ငြိမ်မှု ရှိလာခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ကတော့ ရာသီကုန်မှာ ရန်းဂ်နစ်ကို အားကစားဒါရိုက်တာ အဖြစ် ပြောင်းလဲ တာဝန်ပေးကာ အသင်းရဲ့ နည်းပြနေရာ အတွက် ငယ်ရွယ်ကာ အသင်းကို ဆုဖလား အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်မယ့် ထိပ်သီး နည်းပြတဦးကို ရှာဖွေနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူတွေ အဖြစ် အေဂျက်နည်းပြ တန်ဟက်ဂ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့က ရေပန်းစားနေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် နံပါတ်တစ် ပစ်မှတ်ဟာ အေဂျက်နည်းပြ တန်ဟက်ဂ်သာ ဖြစ်ကြောင်း သိရပါတယ်။
Photo Credit: Metro
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Times သတင်းဌာနက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြနေရာ အတွက် လျာထားစာရင်းမှာ နံပါတ်တစ် ဖြစ်နေသူဟာ တန်ဟက်ဂ် ဖြစ်သလို တန်ဟက်ဂ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အသင်းရဲ့ လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးနိုင်သလို အသင်းကို အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် အေဂျက်အသင်းမှာ ရှိနေစဉ်က ဒီလစ် ၊ ဗန်ဒီဘိခ် ၊ ဒီဂျောင် ၊ ဇီရက်ဇ် ၊ ဆာဂျီနို ဒက်စ် စတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ တန်ဟက်ဂ်က သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်နေတာပါ။