ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒါဘီကောင်တီအသင်းရဲ့ ဆယ်ကျော်သက် အင်္ဂလန် တောင်ပံကစားသမားလေး မယ်လ်ကွန်အက်ဘီအိုဝေကို မန်ချက်စတာယူနိုက်တက်အသင်းထက် လက်ဦးမှု ရယူခဲ့ပြီး ခေါ်ယူသွားနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ပါတယ်။

Malcolm Ebiowei, left, is a free agent after leaving Derby and could join Crystal Palace

Photo Credit : The Sun

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်ပံကစားသမား အက်ဘီအိုဝေဟာ မနှစ်က ဘောလုံးရာသီကမှ ဝိန်းရွန်နီရဲ့ ဒါဘီအသင်းအတွက် စတင်ကစားပေးခဲ့ရတာဖြစ်ပြီး ပွဲစဉ်(၁၆)ပွဲအတွင်း (၁)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါဘီလူငယ်အသင်းမှာကတည်းက အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့သူ အက်ဘီအိုဝေဟာ ဒါဘီစီနီယာအသင်းနဲ့ ပူးပေါင်းခွင့် ရရှိခဲ့သလို အသင်းက တန်းဆင်းခဲ့ရပေမယ့်လည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ လူငယ်ချာတိတ်လေး အက်ဘီအိုဝေရဲ့ ခြေစွမ်းပိုင်းတွေကို ယူနိုက်တက် ပဲလေ့စ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စတင် သတိထားမိလာကြပြီး အခုနှစ် နွေဈေးကွက်ထဲမှာ ခေါ်ယူသွားနိုင်ဖို့ပါ စတင်ဆောင်ရွက်လာကြပါတယ်။

Photo Credit : The Sun

ဒီလို အသင်းနှစ်သင်း အပြိုင်အဆိုင် စိတ်ဝင်စားခံလာရတဲ့ အက်ဘီအိုဝေဟာ ပရီးမီးယားလိဂ်ရဲ့ big name ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်ထက် သူ့အတွက် နေရာပိုရနိုင်မယ့် ဗီယာရာရဲ့ ပဲလေ့စ်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ဆုံးဖြတ်ခဲ့ပြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ အက်ဘီအိုဝေဟာ ပဲလေ့စ်နဲ့ ဆေးစစ်မှုတွေပါ ခံယူပြီးမြောက်သွားပြီဖြစ်သလို ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားလေး အက်ဘီအိုဝေဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် စီနီယာအသင်းမှာ နေရာရဖို့က မလွယ်ကူနိုင်တာကြောင့် သူရဲ့ဆရာ ရွန်နီရဲ့ အသင်းဟောင်းကို ပြောင်းရွှေ့ဖို့ထက် ပဲလေ့စ်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူသွားနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ဆက်တိုက်ကို ရင်ဆိုင်နေရပြီး အသင်းဘက်က ပစ်မှတ်ထားနေ စိတ်ဝင်စားနေတဲ့ ကစားသမားတွေက ယူနိုက်တက်မဟုတ်တဲ့ အခြားအသင်းတွေဆီ ပြောင်းရွှေ့တာမျိုးနဲ့ သူတို့ရဲ့ လက်ရှိအသင်းမှာသာ ဆက်လက် ရှိနေတာမျိုးတွေနဲ့သာ ကြုံတွေ့နေရပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်ဟာ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယွန်း တစ်ဦးတည်းကိုသာ တရားဝင် ကမ်းလှမ်းထားပြီး အေဂျက်စ် တောင်ပံကစားသမား အန်တိုနီကိုလည်း ပစ်မှတ်ထားနေပါတယ်။