လတ်တလောမှာ တိရစ္ဆာန်တွေကနေတစ်ဆင့် ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ဒေသတွင်းမှာ Lockdown ပြန်ချထားဖို့ စီစဉ်ထားခဲ့ရတဲ့ ဒိန်းမတ်နိုင်ငံအတွင်းမှာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် သွားရောက်ကစားရမယ့် ဆွီဒင်လက်ရွေးစင် ဘောလုံးအသင်းနဲ့ ပူးပေါင်းခြင်းမရှိဖို့ နောက်ခံကစားသမား ဗစ်တာလင်ဒီလော့ကို သူရဲ့ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ တားမြစ်ခဲ့တာကြောင့် လင်ဒီလော့အနေနဲ့ ဆွီဒင်အသင်းရဲ့ UEFA Nations League ပွဲတွေကိုသာ ဝင်ရောက်ဆင်နွဲရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mirror

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တာဝန်ရှိသူများကနေ လာမယ့်ရက်ပိုင်းအတွင်း ဒိန်းမတ်နိုင်ငံအတွင်းမှာ ကျင်းပသွားဖို့ရှိနေတဲ့ နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲတွေနဲ့ UEFA Nations League ပွဲတွေကို ယှဉ်ပြိုင်ကစားရမယ့် လက်ရွေးစင်အသင်းတွေအတွက် ဒိန်းမတ် အိုက်စလန်နဲ့ ဆွီဒင်ကစားသမားတွေကို ဒိန်းမတ်နိုင်ငံဆီ စေလွှတ်ခြင်းမပြုဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအားလုံးကို ညွှန်ကြားထားခဲ့တာကြောင့် ယူနိုက်တက်အသင်းဘက်ကလည်း သူတို့ရဲ့ဆွီဒင်ခံစစ်ကစားသမား လင်ဒီလော့ကို ဒိန်းမတ်မှာ သွားရောက်ကစားခြင်း မပြုလုပ်ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : News07rends

ဆွီဒင်လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ (၁၁)ရက်နေ့မှာ ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့အတွင်းမှာ ကျင်းပလို့သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဒိန်းမတ်နိုင်ငံထဲ တိရစ္ဆာန်တွေကနေတစ်ဆင့် ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုတွေက ပြန်လည်ဖြစ်ပွားနေခဲ့တာကြောင့် နိုင်ငံအတွင်းမှာ ကိုဗစ်စည်းမျဉ်းတွေကို ပြန်လည်တင်းကျပ်ထားခဲ့ရကာ Lockdown တွေ ပြန်ချထားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေရတဲ့ ဒိန်းမတ်နိုင်ငံအတွင်းမှာ သွားရောက်ဘောလုံးကစားဖြစ်ပြီးမှ နိုင်ငံအတွင်း ပြန်လာခဲ့မယ်ဆိုရင် (၁၄)ရက်အထိ Quarantine ဝင်ရမှာဖြစ်လို့ ကလပ်အသင်းတွေအနေနဲ့ သူတို့အသင်းသားတွေကို ပွဲကျပ်ကာလတွေမှာ အနည်းဆုံး(၃)ပွဲလောက်အထိ လက်လွတ်ရနိုင်ပါတယ်။ လတ်တလောမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဆွီဒင်ဘောလုံးသမားတွေဖြစ်တဲ့ အဲဗာတန်ဂိုးသမားအော်လ်ဆန် နယူးကာဆဲလ်ညာနောက်ခံလူခရက်ဖ်နဲ့ ယူနိုက်တက်နောက်ခံကစားသမားလင်ဒီလော့တို့ဟာ ဒိန်းမတ်မှာ သွားရောက်ကစားရမယ့် ခြေစမ်းပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေဟာ ခရိုအေးရှားနဲ့ ပြင်သစ်အသင်းတွေနဲ့ UEFA Nations League ပွဲတွေအတွက် ဆွီဒင်လက်ရွေးစင်အသင်းမှာ ပါဝင်လာနိုင်မှာဖြစ်ပါတယ်။