ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က သူတို့အသင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ ဒိန်းမတ်ကြယ်ပွင့် အဲရစ်ဆင်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နီးစပ်ရာ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်က ယနေ့မှာပဲ ဘရန့်ဖို့ဒ်နဲ့ ချုပ်ဆိုထားတဲ့ ကာလတိုစာချုပ် ကုန်ဆုံးသွားတာကြောင့် အသင်းလက်မဲ့ ကစားသမား တဦး အဖြစ်ကို ရောက်ရှိနေသူပါ။

Photo Credit: Mirror

အဲရစ်ဆင်က ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဒိန်းမတ်အတွက် ဝင်ရောက် ပါဝင် ကစားပေးရင်း ကွင်းအတွင်း ရုတ်တရတ် နှလုံးရပ်ကာ လဲကျသွားခဲ့တာကြောင့် နှလုံးခုန်စက် တပ်ဆင်ထားရသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီဝက်မှာတော့ ဘရန့်ဖို့ဒ်နဲ့အတူ အတော်လေး ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အဲရစ်ဆင်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားသလို ဘရန့်ဖို့ဒ်ကလည်း သူတို့အသင်းမှာသာ ဆက်နေဖို့ အဲရစ်ဆင်အား ဖျောင်းဖျမှုတွေ ပြုလုပ်ထားပြီး အဲရစ်ဆင်ကတော့ မကြာခင်မှာပဲ ဘရန့်ဖို့ဒ်မှာ ဆက်နေမလား ၊ ဒါမှမဟုတ် မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့မလား ဆိုတာကို ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ်ဆင်ဟာ သူ့ရဲ့ အသင်းသစ်ကို မရွေးချယ်ရသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က သူတို့ဟာ အဲရစ်ဆင်ကို ခေါ်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး အဲရစ်ဆင်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ရဲ့ ယခု နွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေကို စောင့်ကြည့်ပြီးမှ ပြောင်းသင့် ၊ မပြောင်းသင့် စဉ်းစားမယ်လို့ သိရပါတယ်။