MySport Myanmar

မန်စီးတီးနဲ့ လီဗာပူးကို ကျော်ပြီး ဘယ်လင်ဟမ်ကို ခေါ်နိုင်မယ်လို့ ယုံကြည်နေတဲ့ မန်ယူ

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ် ဒေါ့မွန်ကြယ်ပွင့် ကွင်းလယ်လူ ဘယ်လင်ဟမ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်ကနေ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Euro sports

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ၊ စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် ၊ ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီ စတဲ့ ဥရောပရဲ့ နာမည်ကြီးအသင်းတွေ အားလုံးက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

လက်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခုချိန်အထိ လက်လျှော့ခြင်း မရှိသေးပါဘူး။

Photo Credit: Euro sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မကြာခင်မှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့ များနေတဲ့ မန်ချက်စတာ ယူနိုက်တက်က လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေကြောင်း သိရပါတယ်။

ဒေါ့မွန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ် အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်း ဝန်းကျင် လိုချင်နေပြီး ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း + အပိုဆုကြေး ယူရို ၃၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

Exit mobile version