အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ထက်ဝက် ပမာဏ ဖြစ်တဲ့ ၅ပွဲ အထိ ရှုံးနိမ့်ထားပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား အပေါ် ယုံကြည်မှု အပြည့် ရှိနေသေးကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချို စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူထားတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် နည်းပြ ဆိုးလ်ရှားရဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ကိုင်တွယ်ဖို့ ယုံကြည်မှု မရှိခြင်း ၊ နည်းစနစ်ပိုင်း အားနည်းချက် များပြားခြင်းတို့ကြောင့် ဆက်တိုက် ဆိုသလို ရှုံးပွဲတွေ တွေ့ကြုံနေရပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၄ပွဲရှုံး ဆိုတဲ့ အရှက်ရဖွယ် ရလဒ်တခုကို ရရှိခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗီလာရီးရဲလ်နဲ့ အတ္တလန်တာတို့ကို ခြေစွမ်းပိုင်း အသာစီး ရယူနိုင်ခြင်း မရှိပဲ ရိုနယ်ဒိုရဲ့ အဖိုးတန် သွင်းဂိုးတွေကြောင့်သာ အနိုင်ရလဒ်နဲ့ သရေရလဒ်တို့ကိုသာ ပိုင်ဆိုင်ခဲ့တာပါ။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူတို့က အသင်းအနေနဲ့ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းနေကြပေမယ့် ဆာအဲလက်စ် ဖာဂူဆန် ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို ယုံကြည်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲမှာ ခါးသီးပြိုင်ဘက်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ကို ၀-၅ ၊ ၀-၂ ဆိုတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ဆိုးလ်ရှားဟာ အသင်းအတွက် သင့်တော်တဲ့ နည်းပြဖြစ်ကြောင်း ယုံကြည်နေဆဲ ဖြစ်ပြီး ဆိုးလ်ရှားကို ဆက်လက် တာဝန်ပေးဖို့ ထောက်ခံထားကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုကသာ ဆိုးလ်ရှားကို ရာထူးကနေ မထုတ်ခဲ့ရင် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆက်ပြီး ကိုင်တွယ်နေဦးမယ်လို့ သိရပါတယ်။