ပရီးမီးယားလိဂ် အင်အားကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းတို့ဟာ ဘာစီလိုနာ အသင်းရဲ့ ပြင်သစ် လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေး နေကြပြီ ဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူချင် နေသလို ဘာစီလိုနာအသင်း ကလည်း သူတို့ အသင်းရဲ့ နွေရာသီ ပစ်မှတ် ဖြစ်တဲ့ လိုင်ယွန် အသင်းရဲ့ တောင်ပံ ကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ လိုအပ်နေတဲ့ ဘဏ္ဏာရေး အကြပ်အတည်း ကို ဖြေရှင်းဖို့ ဒမ်ဘီလီကို အငှား (သို့) ရောင်းချချင် နေတာကြောင့် နှစ်သင်းစလုံးဟာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် စတင် ဆွေးနွေး နေကြတာပါ။

Photo Credit: Marca

မန်ယူအသင်းဟာ နည်းပြ ဖြစ်သူ ဆိုးလ်ရှားရဲ့ တောင်းဆိုချက် အရ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူဖို့ လုပ်ဆောင် နေတဲ့ အသင်း ဖြစ်ပြီး လတ်တလောမှာ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစား နေပေမယ့် အဆင်မပြေ ဖြစ်နေတာကြောင့် အစားထိုး ခေါ်ယူမှုအဖြစ် ဒမ်ဘီလီကို ခေါ်ယူဖို့ မျက်စိ ကျနေတာပါ။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ယူအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ဟာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် ယနေ့ည အစောပိုင်းမှာ စတင် ဆွေးနွေး နေပြီ ဖြစ်ကြောင်း သိရကာ ဘာစီလိုနာအသင်း ဟာ ဒမ်ဘီလီကို အပြီးသတ် ရောင်းချချင် နေပေမယ့် မန်ယူအသင်း ကတော့ ဒမ်ဘီလီကို အငှားနဲ့သာ ခေါ်ယူဖို့ စဉ်းစား နေပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကလည်း ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်းကို မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြား သွားပါတယ်။ ကိုးမန်းက ” ကျွန်တော့်ရဲ့ လူစာရင်းထဲမှာ အူစမာနီ(ဒမ်ဘီလီ) ကို ထည့်သွင်း ထားပါတယ်။ လေ့ကျင့်ရေးကွင်း မှာလည်း သူက အကောင်းဆုံး စွမ်းဆောင်ပြ ထားတဲ့ ကစားသမားပါ။ ကျွန်တော်က သူ့ကို အသင်းမှာ ဆက်ထားချင်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက် ကိုတော့ အသင်းနဲ့ ကစားသမား ကသာ ဆုံးဖြတ်မှာပါ ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ထူးခြားမှုတွေကိုတော့ မနက်ဖြန် မနက်ပိုင်းမှာ ကြားသိဖို့ အလားအလာတွေ ရှိနေပါတယ်။