ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် အန်တွန်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို သူ့ရဲ့ ဂိုးဖန်တီးနိုင်မှု ၊ ကစားကွက် ဖော်ဆောင်နိုင်မှုတို့ကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Daily Mail

အီတလီ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာရဲ့ အေးဂျင့်ဖြစ်သူ အန်တွန်ဟာ သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ရန် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီ ရောက်ရှိနေကာ အန်တွန်က လန်ဒန်မြို့မှာ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ စပါး ၊ နယူးကာဆယ်တို့ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

နာမည်ကြီး အင်္ဂလန် သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနကလည်း အန်တွန်နဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ်တို့ရဲ့ တာဝန်ရှိသူတို့ ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို မြင့်မားတဲ့ လုပ်ခလစာ ၊ မြင့်မားတဲ့ လက်မှတ်ထိုးကြေးတို့ ပေးချေဖို့ စီစဉ်နေကာ အာဆင်နယ်ကတော့ ဒိုင်ဘာလာကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆွဲဆောင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားပါသေးတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့အပြင် အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန်တို့ကပါ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒိုင်ဘာလာရဲ့ အသင်းသစ်က ဘယ်အသင်းဖြစ်မလဲ ဆိုတာကို လာမယ့် နွေဈေးကွက် ရောက်မှသာ အတိအကျ သိရဖွယ် ရှိပါတယ်။