ပိတ်သိမ်းသွားတဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အပြီးမှာ တချို့အသင်းတွေက ကစားသမား အင်အား ပိုမို တောင့်တင်းလာသလို ၊ တချို့အသင်းတွေက ရှိရင်းစွဲ ကစားသမားတွေကို ဆက်ထိန်းထားပြီး မူလအနေအထားနဲ့ ရှိနေကြပေမယ့် ရှိရင်းစွဲထက် ကစားသမား အင်အားနည်းပါးသွားတဲ့ အသင်းနှစ်သင်းက ထူးထူးခြားခြား ဆိုသလို ရှိနေခဲ့ပါတယ်။ အဲ့ဒီအသင်း နှစ်သင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ပရိသတ် အားပေးမှု အများဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပါပဲ။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိသလို သူတို့အသင်း အတွက် အသုံးဝင်တဲ့ ကစားသမား တချို့ကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ကြိုးစား ရှာဖွေခဲ့ပေမယ့် သင့်တော်တဲ့ ကစားသမား တဦးကို မရှာနိုင်ခဲ့သလို အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဗန်ဒီဘိခ်ကိုလည်း အဲဗာတန်ဆီ ရာသီဝက်အငှားနဲ့ လက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ မေဆန် ဂရင်းဝုဒ်ကို အိမ်တွင်း အကြမ်းဖက်မှု ပြဿနာကြောင့် အသင်းကနေ ထုတ်ပယ်ထားရတဲ့ အချိန်မှာ နောက်ထပ် တောင်ပံကစားသမား တဦး ဖြစ်သူ အာမတ် ဒီရယ်လိုကို ရိန်းဂျားထံ အငှားချခဲ့ပါသေးတယ်။

Photo Credit: Express

တဖက်မှာတော့ အာဆင်နယ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့် ဂွီမာရေးစ်ကို နယူးကာဆယ်ဆီ လက်လွှတ်ခဲ့ရသလို သူတို့ရဲ့ အဓိကပစ်မှတ် ဗလာဟိုဗစ်ကိုလည်း ဂျူဗင်တပ်က ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်းကို စည်းကမ်းမလိုက်နာမှု အကြောင်းပြပြီး စာချုပ်ဖျက်သိမ်းကာ အလွတ်နဲ့ ထွက်ခွာခွင့် ပြုခဲ့သလို အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ ချမ်ဘာကိုလည်း ဗီလာထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ပြုခဲ့ပါသေးတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ လူစာရင်းဟာ ဆောင်းရာသီ ဈေးကွက် မဖွင့်မီ ကာလ ဖြစ်တဲ့ ဇန်နဝါရီလ ၁ရက်နေ့ လူစာရင်းထက် ပိုမို အင်အားလျော့သွားကြောင်း တင်ဆက်လိုက်ပါတယ်။