ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က အမေရိကန် မေဂျာလိဂ်ကလပ် ကိုလံဘက်စ်ရဲ့ နံပါတ်တစ် ဂိုးသမား ပက်ထရစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အမေရိကန်နိုင်ငံသား ပက်ထရစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမေရိကန် ဒေသတွင်းကလပ် ဘီလီကန် ကနေ ကိုလံဘက်စ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ကိုလံဘက်စ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အရယူနိုင်ခဲ့သူပါ။

Photo Credit: Transfer Market

ပက်ထရစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကိုလံဘက်စ် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၅၃ဂိုးသာ ခွင့်ပြုခဲ့ရသလို ပေးဂိုးမရှိတဲ့ပွဲ ၉ပွဲ ရယူနိုင်ခဲ့ကာ ကိုလံဘက်စ်ကို မေဂျာလိဂ်ရဲ့ ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

ပက်ထရစ်က ကိုလံဘက်စ်ကို မေဂျာလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့တာကြောင့် အမေရိကန်အသင်းရဲ့ ဆင့်ခေါ်ခြင်းကို ခံထားရသလို သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ကိုလံဘက်စ် အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးသာ ခွင့်ပြုပေးထားရကာ ပေးဂိုးမရှိတဲ့ပွဲ ၂ပွဲ ရရှိထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ လာမယ့်နွေဈေးကွက်မှာ အရန်ဂိုးသမား တဦးကို ခေါ်ယူဖို့ စဉ်းစားထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ပက်ထရစ်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ စိတ်ဝင်စားနေကြပြီး ပက်ထရစ်ကလည်း သူ့ရဲ့ အနာဂတ် အတွက် လာမယ့်နွေရာသီမှာ ဥရောပမြေဆီ ခြေဆန့်ချင်နေကြောင်း သိရှိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticကလည်း အာဆင်နယ်ဟာ သူတို့အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ရမ်စဒဲလ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားတာကြောင့် ရမ်စဒဲလ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ပက်ထရစ်ကို ခေါ်ယူချင်နေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပါသေးတယ်။