ဒီနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာ သွင်းဂိုးတွေများစွာကို ခြေစွမ်းပြ သွင်းယူနေနိုင်တဲ့ ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို လက်ရှိအချိန်မှာ ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေမှု ရှိနေကြတဲ့အတွက် ဖီအိုရင်တီးနားဘက်ကနေ သူတို့ကစားသမားကို လက်မလွတ်ရရေးကို ကြိုးပမ်းလုပ်ဆောင်နေပေမယ့်လည်း မြင့်မားလွန်းလှတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုတောင် ဗလာဟိုဗစ်ဘက်ကနေ ပယ်ချထားတာကြောင့် လာမယ့်စျေးကွက်တွေအတွင်းမှာပဲ ဗလာဟိုဗစ်အနေနဲ့ အသင်းအပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Old Juve

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကြယ်ပွင့်လေး ဒူဆန်ဗလာဟိုဗစ်ဟာ သူရဲ့လက်ရွေးစင်အသင်းကိုလည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့လို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာပါ သွင်းဂိုး(၁၅)ဂိုးထိ သွင်းယူထားနိုင်ပြီး စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းအမျျားဆုံးသူ ဖြစ်နေပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ဗလာဟိုဗစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးများစွာကနေ စိတ်ဝင်စားနေကြတာ ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နာမည်ကြီး ကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး ယူနိုက်တက် စပါးနဲ့ အာဆင်နယ်အသင်းတို့ကနေလည်း ဗလာဟိုဗစ်ရဲ့ အေ့ခြအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Juvefc

ဆာဘီးယားကြယ်ပွင့် ဗလာဟိုဗစ်ဟာ လက်ရှိမှာ ဖီအိုရင်တီးနားအသင်းနဲ့ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပြီး အသင်းအတွက် ပွဲပေါင်း(၁၀၂)ပွဲ ပါဝင်ကစားထားပြီးတဲ့နောက်မှာ သွင်းဂိုး(၄၆)ဂိုးအထိ သွင်းယူထားသလို ဒီရာသီမှာလည်း ဖီအိုရင်တီးနားအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၁၇)ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးနေတဲ့ ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအသင်းဘက်ကနေ လက်လွတ်မခံချင်တဲ့အတွက် အသင်းဘက်ကနေ အသင်းသမိုင်းတလျှောက် ဘယ်ကစားသမားကိုမှ မပေးချေဖူးတဲ့ တန်ကြေးမျိုးနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဗလာဟိုဗစ်ရဲ့အေးဂျင့်ရော ဗလာဟိုဗစ်ကိုယ်တိုင်ကပါ ဒီကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချထားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအခြေအနေတွေကြောင့် ဗလာဟိုဗစ်ကို ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေအနေနဲ့ ဗလာဟိုဗစ်ကို လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ အရခေါ်ယူနိုင်ဖို့အတွက် ပိုမိုကြိုးပမ်းလုပ်ဆောင်ဖွယ် ရှိနေပြီး ဖီအိုရင်တီးနားအသင်းဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၇၀)အထိ သတ်မှတ်ထားပြီး ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်းပါ ဗလာဟိုဗစ်ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။