မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုဖလားလက်မဲ့ ဘောလုံးရာသီတွေကို ဖြတ်သန်းနေရသလို လာမယ့်ရာသီမှာပါ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေနိုင်ပေမယ့်လည်း သူတို့အသင်းက ကြယ်ပွင့်ကစားသမားတွေကိုတော့ ဆက်လက် ဆွဲဆောင်နေနိုင်ဆဲပဲလို့ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရန်းနစ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၆)နေရာထိ ရောက်ရှိနေရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်လင့်ချက် နည်းပါးနေပြီး ဒီလိုသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် လာမယ့်ဈေးကွက်အတွင်း ကစားသမား ခေါ်ယူအားဖြည့်မှုမှာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ အားလျော့လာနိုင်ဖွယ် ရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေကို ရန်းနစ်က ပယ်ချသွားခဲ့ပါတယ်။ အောင်မြင်မှုနဲ့ အလှမ်းဝေးနေခဲ့ရပေမယ့်လည်း ဖာနန်ဒက်စ်ကို သက်တမ်းတိုးနိုင်ခဲ့တာ တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းတွေက သူတို့အသင်းရဲ့ ဆွဲဆောင်မှုကို ညွှန်ပြနေခြင်းသာ ဖြစ်တယ်လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ရန်းနစ်က နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားရမယ်ဆိုရင် သေချာပေါက် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒါက တခြားကလပ်အသင်းတွေကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက်အသင်း တစ်သင်းတည်းသာရှိတဲ့ ပြသာနာ မဟုတ်ပါဘူး။ ဘရူနိုကို စာချုပ်သစ် ချုပ်ဆိုနိုင်လိုက်တာကလည်း ဒီကလပ်က ဆွဲဆောင်မှု ရှိနေသေးတဲ့ အသင်းဖြစ်နိုင်သေးတယ် ဆိုတာကို ပြသလိုက်သလိုပါပဲ။ နည်းပြအသစ် ချဉ်းကပ်မှုအသစ်တွေ သူကစားချင်တဲ့ပုံစံနဲ့ ဒါတွေက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အသင်းဖြစ်နိုင်တယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ အဲရစ်နဲ့ ကလပ်အသင်းမှာရှိတဲ့ လူတိုင်းကို အကောင်းဆုံးဖြစ်အောင် ကူညီပေးသွားပြီးတော့ လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ထိပ်တန်းအသင်းတစ်သင်း ပြန်ဖြစ်လာဖို့အတွက် ချဉ်းကပ်မှုတစ်ခုလုံးကို ပြောင်းလဲသွားပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြသစ် တန်ဟက်ဂ်ရဲ့လက်အောက်မှာ အသင်းအတွင်း အပြောင်းအလဲတွေ ကြီးကြီးမားမား ပေါ်ပေါက်လာဖွယ် ရှိနေပြီး ကစားသမား အဝင်အထွက်လည်း ခပ်ကြမ်းကြမ်းကို ဖြစ်ပေါ်လာနိုင်တယ်လို့ သတင်းမီဒီယာတွေကနေ သုံးသပ်နေကြပါတယ်။