မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အသည်းအသန်အလိုရှိနေပေမယ့်လည်း ဆန်ချိုအတွက် ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက အရမ်းမြင့်မားလွန်းနေတာကြောင့် ဆန်ချိုကို ခေါ်ယူနိုင်ဖို့က ယူနိုက်တက်အတွက် အလွန်ခက်ခဲနေရတာကြောင့် ဆန်ချိုအစား နောက်ထပ်ဘွန်ဒစ်လီဂါ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လေဗာကူဆင် တောင်ပံကစားသမား လီယွန်ဘေလီကိုပဲ ပြောင်းလဲပစ်မှတ်ထားဖွယ်ရှိနေတယ်လို့ Sportsmail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bundesliga

ယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားက လာမယ့်ဘောလုံးရာသီမှာ အသင်းအတွက် တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာကြောင့် ဆန်ချိုနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂါရီးလစ်ရှ်တို့ကို ပစ်မှတ်ထားခဲ့ရာ ကစားသမားနှစ်ယောက်လုံးရဲ့ ပြောင်းရွှေ့ကြေးတွေက မြင့်မားလွန်းနေတာကြောင့် သူတို့နှစ်ဦးထက် စျေးနှုန်းသက်သာနိုင်တဲ့ ဂျမေကာသားလေး လီယွန်ဘေလီကိုပဲ ပစ်မှတ်ထားလာနိုင်တာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွှယ် တောင်ပံကစားသမားလေး ဘေလီဟာ ဆိုးလ်ရှားသဘောကျရတဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ သူရဲ့ပြောင်းရွှေ့ကြေးမှာလည်း ပေါင်သန်း(၄၀)လောက်ပဲ ရှိလို့နေပါတယ်။

Photo Credit : Goal

ဘယ်ခြေအားသန်တဲ့ ကစားသမားလေးဖြစ်တဲ့ ဘေလီဟာ ဘယ်ရောညာရောပါ အကောင်းဆုံးကစားနိုင်သူဖြစ်တဲ့အပြင် လိုအပ်ရင် ကွင်းလယ်တိုက်စစ်နေရာမှာလည်း ကစားနိုင်တာကြောင့် နေရာစုံမှာ အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဘေလီဟာ လေဗာကူဆင်အသင်းမှာ ၂၀၁၇ခုနှစ်ကနေ စတင်ပါဝင်ကစားခဲ့တာဖြစ်လို့ ဥရောပအတွေ့အကြုံတွေအပြင် ချန်ပီယံလိဂ်အတွေ့အကြံုတွေပါ ရှိနေတဲ့ လူငယ်ကစားသမားလေးဖြစ်လို့ ယူနိုက်တက်အတွက် အကောင်းဆုံးကစားသမားခေါ်ယူမှုပါ ဖြစ်လာနိုင်ပါတယ်။ ဘေလီဟာ ဒီနှစ်ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ(၂၇)ပွဲကစားထားခဲ့ပြီး သွင်းဂိုး(၇)ဂိုး ရယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုအပိုင်းမှာလည်း (၂)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သြစတြီးယားမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘေလီဟာ ၂၀၁၇ခုနှစ်ကမှ ဂျန့်အသင်းကနေ လေဗာကူဆင်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ လေဗာကူဆင်အတွက် အကောင်းဆုံးသော ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။