စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက သူကိုယ်တိုင်ခဲ့ဖူးတဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပြုတ်လာပြီးနောက် ယူရိုပါလိဂ်ဆီ ရောက်ရှိလာခြင်းဟာ ယူရိုပါလိဂ်မှာ အောင်မြင်မှု ရယူဖို့အတွက် ရည်ရွယ်ထားတဲ့ ကလပ်အသင်းတွေအတွက် အန္တရာယ်ရှိနိုင်သလို ယူနိုက်တက်အသင်းကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်း ဖြစ်နေလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ သရေတစ်မှတ်လောက် ရယူနိုင်ခဲ့ရုံနဲ့တင် ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်ပေမယ့်လည်း ဂျာမန်​မြေမှာ လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ခဲ့ရတဲ့အတွက် စပါး အာဆင်နယ် လက်စတာအသင်းတို့်ရှိရာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်လာခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရလေ့ရှိပြီး မနှစ်က ဘောလုံးရာသီတုန်းက ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့သလို ၂၀၁၇ ခုနှစ်တုန်းကလည်း ယူရိုပါလိဂ်ဖလားကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ကို နည်း​ပြမော်ရင်ဟိုကိုင်တွယ်နေချိန်လည်း ဖြစ်ပါတယ်။

Photo Credit : Goal

အခုလို အသင်းဟောင်းက ယူရိုပါလိဂ်ပြိုင်ပွဲဆီ ကျရောက်လာခဲ့တဲ့အပေါ် နည်းပြမော်ရင်ဟိုက “မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် ထိပ်ဆုံးနေရာမှာ ရှိလာနိုင်တော့မှာပါ။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးကနေ ထွက်ခွာလာခဲ့ရတဲ့ အသင်းဖြစ်လို့ ပိုပြီးတော့ အင်အားကြီးမားနေမှာဖြစ်သလို ပုံမှန်အားဖြင့်ဆိုရင်လည်း ယူရိုပါလိဂ်လို ပြိုင်ပွဲမျိုးနဲ့ သက်ဆိုင်နေမှာ မဟုတ်ဘူး။ သူတို့က ချန်ပီယံလိဂ်မှာ တကယ့်ကို အသင်းကောင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရတယ်။ ပီအက်စ်ဂျီလိုက်ပ်ဇစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့်သာ ခက်ခဲခဲ့ရတာ။ ဒီအုပ်စုကို စသိလိုက်ကတည်းက ဘယ်အသင်းမှ လွယ်ကူမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သတိထားမိတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲဆီကို ချန်ပီယံဟောင်း ယူနိုက်တက်အပြင် အေဂျက်စ် ကလပ်ဘရုဂျက် ရှက်တာဒိုးနက် ဆာလ်ဇ်ဘာ့ဂ် ဒိုင်နမိုကိဗ် အိုလံပီယာကော့စ် ခရက်စ်နိုဒါတို့လို အသင်းတွေလည်း ချန်ပီယံလိဂ်ကနေတစ်ဆင့် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ယူရိုပါလိဂ်မှာလည်း အင်အားကြီးအသင်းတွေအားလုံးနီးပါး နောက်တစ်ဆင့်ဖြစ်တဲ့ (၃၂)သင်းအဆင့်ဆီကို တတ်လှမ်းခွင့်ရထားလို့ ဒီနှစ်ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေမှာ သေချာနေပြီး အဂ်လန်ကလပ်အသင်း (၄)သင်းရဲ့ အနေအထားတွေကိုလည်း စောင့်ကြည့်သွားရပါလိမ့်မယ်။