မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ရွိုင်ကိန်းကတော့ မနေ့ညက လိဒ်စ်ယူနိုက်တက်အသင်းကို (၆)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ တတိယနေရာကို တတ်လှမ်းလာနိုင်ခဲ့တဲ့ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အမှတ်ပေးချန်ပီယံ ထပ်မံဖြစ်လာဖို့အတွက် ရေပန်းစားလျက်ရှိနေတဲ့ လီဗာပူးလ်အသင်းအတွက် အန္တရာယ်အရှိဆုံးနဲ့ ခြိမ်းခြောက်မှုအပေးနိုင်ဆုံး အသင်းတစ်သင်းဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

ဒီနှစ်ဘောလုံးရာသီအတွင်း အတတ်အကျတွေ များပြားနေရတဲ့ ယူနိုက်တက်အသင်းဟာ နိုဝင်ဘာလလောက်ကနေစတင်ပြီး ပရီးမီးယားလိဂ်မှာ (၇)ပွဲဆက်တိုက် ရှံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ရတဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲစဉ်တွေအားလုံးမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ပွဲစဉ်အတွင်း ပြိုင်ဘက်လိဒ်စ်အသင်းကို (၆)ဂိုး(၂)ဂိုးနဲ့ပါ ခြေစွမ်းပြအနိုင်ယူခဲ့တာကြောင့် အသင်းသားဟောင်း ရွိုင်းကိန်းက သူရဲ့အသင်းဟောင်းအနေနဲ့ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အန္တရာယ်အပေးနိုင်ဆုံး အသင်းတစ်သင်းဖြစ်လိမ့်မယ်လို့ Sky Sports ရုပ်သံကနေ ပြောဆိုလိုက်တာဖြစ်ပါတယ်။

Photo Credit : The Sun

ရွိုင်းကိန်းက “ကျွန်တော် တွမ်မီနေးရဲ့စကားကို မယုံကြည်ပါဘူး။ အမှတ်ပေးဇယားကို ဆက်စောင့်ကြည့်နေမှာ မဟုတ်ဘူးဆိုတဲ့ သူ့စကားကို ကျွန်တော်မယုံပါဘူ။ လူတိုင်းက အမှတ်ပေးဇယားကို စောင့်ကြည့်နေမှာပါ။ ကစားသမားတွေရော အသင်းရဲ့တာဝန်ရှိသူတွေအားလုံးရောပါပဲ။ ဒါတွေကြောင့်ပဲ ပွဲစဉ်တွေကို ကစားနေရတာလေ။ သင်တို့အသင်းက ဘယ်နေရာမှာ ရှိနေပြီလဲဆိုတာကို သိချင်မှာဖြစ်သလို ဘယ်ကိုဆက်ပြီး တတ်လှမ်းနိုင်မလဲဆိုတာကိုလည်း သိချင်မှာပဲ။ ဒီရက်ပိုင်းတွေကတော့ ယူနိုက်တက်အတွက် အကောင်းဆုံးနေ့ရက်တွေ ဖြစ်ခဲ့ရတယ်။ သူတို့တွေက ရှက်ဖီးနဲ့လိဒ်စ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့ပြီးနောက်မှာ ဇယားထိပ်နားထိကို ရောက်ရှိသွားတယ်။ ကျွန်တော်ကတော့ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းကို အားအကောင်းဆုံးအသင်းအဖြစ် ထင်မြင်နေသေးတုန်းပါပဲ။ ဒါပေမယ့် ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်လာနေပါပြီ” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဒီစကားကိုတော့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဟယ်ဆယ်ဘိန့်ခ်က လက်မခံခဲ့ပဲ ယူနိုက်တက်ဟာ လိဒ်စ်ကို ဒီလောက်အထိ ပြတ်သားစွာ အနိုင်ရတာက တဖက်နောက်ခံလူတွေရဲ့ အမှားအယွင်းတွေကြောင့်သာဖြစ်ပြီး ခံစစ်ပိုင်း ကျစ်လစ်နေခဲ့တဲ့ မန်စီးတီး ချယ်လ်ဆီးတို့လို အသင်းမျိုးတွေနဲ့ ဆုံတွေ့ခဲ့ချိန်မှာတော့ သွင်းဂိုးတောင်မရရှိပဲ ဂိုးမရှိသရေကျခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်မနေဘူးလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။