နောက်ခံလူ ဝမ်ဘစ်ဆာကာကတော့ ပြီးခဲ့တဲ့ ရာသီမှာ မန်ယူအသင်းကို ရောက်ရှိခဲ့တဲ့ အချိန်ကထက် မန်ယူအသင်း ပိုကောင်းလာပြီး ဖြစ်တယ်လို့ ပြောခဲ့ပြီး မန်ယူအသင်းအနေနဲ့ ဆုဖလား ရရှိဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ညာနောက်ခံ ကစားသမား ဝမ်ဘစ်ဆာကာဟာ ပြီးခဲ့တဲ့ နှစ်က အပြောင်းအရွေ့ ဈေးကွက်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ မန်ယူအသင်းကို ပေါင် သန်း (၅၀) နဲ့ ပြောင်းရွေ့လာခဲ့ပြီး လက်ရှိမှာတော့ ရှင်းထုတ်မှု အကောင်းဆုံး ညာနောက်ခံ ကစားသမား ဖြစ်နေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၉) ပွဲဆက်မှာ ရှုံးပွဲမရှိ ကစားခဲ့တာကြောင့် အက်ဖ်အေ ဖလား ပြိုင်ပွဲ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့လည်း အခွင့်အရေး ပိုများလာပြီပဲ ဖြစ်ပါတယ်။ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ နဲ့ ယူရိုပါလိဂ် ပွဲစဉ် (၃) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူက မန်ယူအသင်းဟာ ဆုဖလား ရရှိဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

United Review မှာ နောက်ခံလူ ဝမ်ဘစ်ဆာကာက “ကျွန်တေ်ာ မန်ယူအသင်းကို ရောက်ရှိခဲ့တဲ့ အချိန်ကထက် အခြေအနေ ပို ကောင်းနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး မစတင်နိုင်ခဲ့ကြပါဘူး။ အသင်း မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ဒါကြောင့့်ပဲ ကျွန်တော်တို့ အခု လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အနာဂတ်နဲ့ ပက်သက်ပြီး အလွန် စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို ရောက်ရှိဖို့ ပို နီးစပ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဆုဖလားတွေ ရရှိဖို့ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာပါ။ ဒီအသင်းအနေနဲ့ ဆုဖလားတွေ ရရှိနိုင်တယ် ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ ဒါကို ဖြစ်စဉ်လို့ ထင်ပါတယ်”လို့ ပြောကြားသွားလိုက်ပါတယ်။