ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ ကလပ်အသင်းများစွာက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ငွေကြေးတောင့်တင်းမှု ရှိနေတဲ့ ကလပ်အသင်းအချို့ကလည်း အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်ခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းက ကပ်ဘေးကာလအတွင်း ငွေကြေးသုံးစွဲမှု အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Fun88

နာမည်ကျော် ဘောလုံးစျေးကွက် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂ဝခုနှစ် နွေရာသီစျေးကွက် ဆောင်းရာသီစျေးကွက်နဲ့ ၂၀၂၁ခုနှစ် နွေရာသီစျေးကွက် စျေးကွက်(၃)ခုအတွင်း အသားတင် အသုံးစရိတ်ပေါင်း ပေါင်(၁၈၇)သန်းအထိ သုံးစွဲထားခဲ့တာကြောင့် ထိပ်ဆုံးကလပ်အသင်း (၁၀)စာရင်းမှာ အမြင့်မားဆုံး ဖြစ်လို့နေပြီး ဒုတိယနေရာမှာ ပေါင်(၁၇၆)သန်းနဲ့ ချယ်လ်ဆီးအသင်း တတိယနေရာမှာ ပေါင်(၁၆၆.၆)သန်းနဲ့ အာဆင်နယ်အသင်း စတုတ္ထနေရာမှာ ပေါင်သန်း(၁၆၀)နဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ပဥ္စမနေရာမှာ ပေါင်(၁၅၂)သန်းနဲ့ စပါးအသင်းတို့က ရပ်တည်နေပါတယ်။

Photo Credit : iNews

CIES ကနေ ထုတ်ပြန်လာတဲ့ ကလပ်အသင်း(၁၀)သင်းထဲမှာ ပရီးမီးယားလိဂ် အသင်း(၇)သင်းအထိကို ပါဝင်လျက်ရှိနေပြီး ယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ် လိဒ်စ် စပါး မန်စီးတီးတို့က အဆင့်(၁)ကနေ (၆)အထိ အစဉ်လိုက် ရပ်တည်နေသလို အက်စတွန်ဗီလာကလည်း အဆင့်(၉)မှာ ရှိနေပါတယ်။ ဒါကြောင့် လိဂ်အလိုက်မှာလည်း ပရီးမီးယားလိဂ်က အခြားသော လိဂ်ပြိုင်ပွဲတွေထက် ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ငွေသုံးအများဆုံး ဖြစ်ခဲ့ရပြီး ပေ်င်(၁.၆)ဘီလီယံအထိ ရှိခဲ့ရသလို ဒုတိယနေရာကို ရောက်ရှိနေတဲ့ အီတလီစီးရီးအေနဲ့ပင် ကွာဟချက် အရမ်းများခဲ့ရပြီး စီးရီးအေက ပေါင်(၂၅၅)သန်းသာ ရှိနေခဲ့ပါတယ်။ ဒီလို အသားတင် အသုံးစရိတ် များပြားခဲ့တဲ့ ကလပ်အသင်းတွေ အမှတ်ပေးလိဂ်တွေ ရှိခဲ့ပေမယ့်လည်း စပိန်လာလီဂါပြိုင်ပွဲကတော့ ပေါင်(၁၇၁)သန်းအထိကို အမြတ်ထွက်ခဲ့တယ်လို့ CIES ကနေ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ စျေးကွက်(၃)ခုအတွင်း ဆန်ချို ရော်နယ်လ်ဒို ဗာရန်း ဗန်ဒယ်ဘိခ် တဲလက်စ် အာမတ်ဒီအာလို အစရှိတဲ့ ကစားသမားများစွာကို ခေါ်ယူခဲ့ပြီး ကစားသမား ပြန်လည်ရောင်းချခြင်းကနေ ငွေကြေးသိပ် မရရှိခဲ့တဲ့အတွက် အသင်းရဲ့ အသားတင် အသုံးစရိတ်က မြင့်တတ်နေရတာ ဖြစ်ပါတယ်။