ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ကာ စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စတင် လှုပ်ရှားလာကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဆိုးလ်ရှားဟာ မန်ယူအသင်းကို ၂နှစ်နီးပါး ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ် မှာ အဆင့်၃နေရာ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ အသင်းရဲ့ ရလဒ်ပိုင်းတွေ ဟာ အတော်လေးကို မတည်မငြိမ် ဖြစ်နေပါတယ်။

Photo Credit: Goal

အထူးသဖြင့် မန်ယူအသင်းရဲ့ အိမ်ကွင်းရလဒ်တွေဟာ အတော်လေးကို ဆိုးဝါးနေပြီး လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲစဉ် ၄ပွဲ ကစားထားရာမှာ တစ်ပွဲမှ အနိုင်မရသေးသလို ၁ပွဲသာ သရေ ကျခဲ့ကာ ၃ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ လက်ရှိ အမှတ်ပေးရာသီမှာ ၆ပွဲ ကစား ထားရာမှာ ၂ပွဲသာ အနိုင်ရထားသလို ၁ပွဲသရေ ၃ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာ အထိ ရောက်ရှိနေတာက ဆိုးလ်ရှားအပေါ် ဖိအားတွေ ပိုမို ကျရောက်စေပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ယနေ့ညဦးပိုင်းမှာ ဖော်ပြထားတဲ့ သတင်းအရတော့ မန်ယူအသင်းဟာ ဆိုးလ်ရှားကို ရာထူး ကနေ ဖယ်ရှားဖို့ စတင် စဉ်းစားလာပြီး စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်ဖို့ ချဉ်းကပ် နေကြောင်း သိရပါတယ်။

Photo Credit: Goal

ယနေ့မနက်မှာ ကစားခဲ့တဲ့ အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဉ်မတိုင်မီမှာ မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို ယုံကြည်နေဆဲ ဖြစ်ကြောင်း အတွင်းသတင်းတွေ အရ သိထားရပေမယ့် နောက်ဆုံး ရရှိလာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စကား ပြောဆိုမှုတွေ ပြုလုပ်ထားသလို ပိုချက်တီနိုကလည်း မန်ယူအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ချင်နေကြောင်း သိထား ရပါတယ်။ ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ ပယ်လ်ဂါကလည်း မန်ယူအသင်းဟာ ပိုချက်တီနိုရဲ့ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေပြီး ပိုချက်တီနိုဟာ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ ယုံကြည်ထားသူ တစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာတောင် ပယ်ချခဲ့ကြောင်း ဆိုသွားပါတယ်။