ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေတဲ့ အခြေအနေတစ်ခုမှာ ရောက်ရှိနေပါတယ်။

Photo Credit: Marca

မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့သလို ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးရာမှာလည်း အပေါင်းလက္ခဏာ ဆောင်တဲ့ အချက်တွေ ရှိနေပြီး မကြာမီမှာပဲ နှစ်သင်းကြားထဲမှာ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိနိုင်တယ်လို့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Germany သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Marca

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ပြီး ဆန်ချိုအတွက် ဒေါ့မွန်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်၆၀သန်း ဝန်းကျင် အပါအဝင် စုစုပေါင်း ပေါင် ၁၁၀ သန်း တန်ကြေး ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ကို ပေးချေရဖို့ ရှိနေတယ်လို့ နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano က ဆိုထားပါတယ်။

Photo Credit: Marca

အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီးရင်တောင် ချက်ချင်း ကြေညာသွားမှာ မဟုတ်ပဲ ဩဂုတ်လ ၇ရက်နေ့ကို ရောက်မှသာ ကြေညာသွားဖွယ် ရှိတယ်လို့ ဖော်ပြသွားကြပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူပြီးပါက လစ်လပ်နေတဲ့ ကျောနံပါတ် ၇ကို ဆန်ချိုအား ပေးအပ်မှာ ဖြစ်ပြီး အဆိုပါ ကျောနံပါတ် ၇နဲ့ လိုက်ဖက်အောင် ဩဂုတ်လ ၇ရက်နေ့မှာ အပြောင်းအရွှေ့ကို ကြေညာဖွယ် ရှိနေတာပါ။

Photo Credit: Marca

မန်ယူအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ခေါ်ယူခဲ့တဲ့ ကစားသမား သုံးဦး အနက် အဓိက ခေါ်ယူမှုတွေ ဖြစ်တဲ့ ဘစ်စကာနဲ့ မက်ဂွိုင်းယားတို့ရဲ့ အပြောင်းအရွှေ့တွေမှာလည်း အဆိုပါ နည်းလမ်းကို အသုံးပြုခဲ့ဖူးတယ် လို့လည်း သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Marca

မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်း ကနေ ဘစ်စကာကို ခေါ်ယူအပြီးမှာ ကျောနံပါတ် ၂၉ ကို ပေးအပ်ခဲ့တာ ဖြစ်ပြီး ဘစ်စကာရဲ့ အပြောင်းအရွှေ့ကို ဇွန်လ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လက်စတာအသင်း ကနေ အဓိက နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူမှု အပြီးမှာလည်း မန်ယူအသင်းဟာ အဆိုပါ နည်းလမ်းကို အသုံးပြုခဲ့ပြီး ကျောနံပါတ် ၅ ကို ရယူခဲ့တဲ့ မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ကို ဩဂုတ်လ ၅ရက်နေ့မှာ ကြေညာသွားခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ ဩဂုတ်လ ၇ရက်နေ့မှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို ကြေညာဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။