ဝုလ်ဗ်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ ဒီယေဂိုဂျိုတာကိုု လီဗာပူးလ်အသင်းဆီ ရောင်းထုတ်လိုက်ရပြီးနောက်ပိုင်းမှာ သူရဲ့နေရာကို ပြန်လည်အစားထိုးသွားဖို့အတွက် ကစားသမားသစ်တွေကို ရှာဖွေလျက်ရှိနေရာ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းကနေ ရောင်းချခံသွားရဖွယ်ရှိနေတဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဒေါက်ဂလပ်ကော်စတာကို ခေါ်ယူသွားချင်နေပြီး အေးဂျင့်ဂျော့မန်ဒက်စ်နဲ့လည်း ချိတ်ဆက်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : ESPN

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ဒေါက်ဂလပ်ကော်စတာဟာ ဂျုဗင်တပ်စ်အသင်းမှာ အနာဂတ်တွေ မတည်မငြိမ်ဖြစ်နေရပြီး လတ်တလောကလည်း ဘာစီလိုနာအသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်ထားခဲ့ပေမယ့် ဘာစီဘက်ကတော့ ကော်စတာကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ လက်ရှိမှာ ကော်စတာကို ဝုလ်ဗ်နဲ့ ယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်က ဆန်ချိုကို ပစ်မှတ်ထားနေတာဖြစ်လို့ ဝုလ်ဗ်တစ်သင်းတည်းကပဲ ကော်စတာကို လွတ်လွတ်လပ်လပ်နဲ့ ကမ်းလှမ်းရဖွယ်ရှိနေပါတယ်။

Photo Credit : Football Fancast

ဒါကြောင့်ပဲ ဝုလ်ဗ်အသင်းက သူတို့အသင်းရဲ့အပြောင်းအရွှေ့တွေမှာ လိုက်လံဆောင်ရွှက်ပေးနေလျက်ရှိတဲ့ ဘောလုံးလောကရဲ့နာမည်ကျော်စူပါအေးဂျင့် ဂျော့မန်ဒက်စ်ကို ချိတ်ဆက်လို့ထားပြီး ကော်စတာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းဖွယ်ရှိနေပါတယ်။ ဝုလ်ဗ်အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲ ကစားထားခဲ့ပြီး တစ်ပွဲနိုင်ကာ တစ်ပွဲရှံးနိမ့်ထားခဲ့သလို ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံရှစ်အသင်း စတုတ်စီးတီးကို အရေးနိမ့်ခဲ့ရင်းနဲ့ စောစောစီးစီးပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီရာသီမှာ ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ဆီမီဒိုနဲ့ ဖာဘီယိုဆေးဗားတို့အပြင် ပေါ်တူဂီဘာသာစကားကို သုံးစွဲတတ်တဲ့ ဘရာဇီးနောက်ခံကစားသမားမာကယ်လ်ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဒိုဟာသီနဲ့ဂျိုတာတို့ကို ရောင်းထုတ်ထားခဲ့ပါတယ်။ ဝုလ်ဗ်က ပြီးခဲ့တဲ့ရာသီမှာ ကစားပုံမာကြောမှုကို ပြသနိုင်ခဲ့ပြီး ဒီရာသီမှာတော့ မနှစ်ကပြသထားတဲ့ Form ကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လိုအပ်တဲ့နေရာတွေမှာ ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်ထားပြီး ဒီတစ်ပတ်မှာလည်း လန်ဒန်အခြေစိုက်ကလပ် ဝက်စ်ဟမ်းယူနိုက်တက်နဲ့ အိုလံပစ်ကွင်းကြီးမှာ သွားရောက်ကစားရမှာဖြစ်လို့ နိုင်ပွဲပြန်လည်ရှာဖွေနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။