ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေဟာ အင်္ဂလန် ဒေသတွင်း အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ FareShare အဖွဲ့အစည်းထံကို ခရစ္စမတ်ကာလ အတွက် ပေါင် ၂၅၀၀၀၀ ပမာဏ အထိ စုပေါင်းပြီး လှူဒါန်းခဲ့ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ သွားပါတယ်။ FareShare ပရဟိတ အဖွဲ့အစည်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ ပူးပေါင်းကာ လှူဒါန်းတဲ့ အစီအစဉ်ဟာ ခရစ္စမတ်ကာလ အတွင်းမှာ အစာရေစာ အခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေဆီကို စားစရာပေါင်း ၈၀၀၀၀ကျော် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: Manchester Evening News

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယူနိုက်တက် အသင်းမှာ ရှိနေတဲ့ ကစားသမား အများစုဟာ ပရဟိတ လုပ်ငန်းတွေကို မကြာခဏဆိုသလို လုပ်ကိုင်လေ့ ရှိကြပြီး ဒီတစ်ကြိမ် လှူဒါန်းမှုဟာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆော်ဩမှု ၊ ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ မာတာ ၊ ရက်ဖို့ဒ်တို့ရဲ့ ဦးဆောင်မှုတို့နဲ့ အတူ အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။ FareShare အဖွဲ့အစည်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ရက်ဖို့ဒ်နဲ့ ယခင်ကတည်းက လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကိုဗစ်ကာလ အတွင်း အစိုးရရဲ့ကျောင်းတွေ ပိတ်ခဲ့တာကြောင့် နေ့လယ်စာ အခက်အခဲ ဖြစ်နေတဲ့ ကလေးငယ်တွေ အတွက် ရက်ဖို့ဒ်ဟာ FareShareနဲ့ ပူးပေါင်းပြီး အစာရေစာ ၂သန်းကျော် လှူဒါန်းနိုင်အောင် ဦးဆောင် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit: Manchester Evening News

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ခရစ္စမတ်ကာလ အတွင်းမှာ နောက်ထပ် လှူဒါန်းမှု တစ်ခုကို ပြုလုပ်ဦးမှာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ ခဲ့ပါသေးတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက တည်ထောင်ထားတဲ့ ယူနိုက်တက် ဖောင်ဒေးရှင်းဟာ (United Foundation) ဂရိတ်မန်ချက်စတာ ဒေသအတွင်းမှာ ရှိနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေနဲ့ မိသားစုတွေဆီကို ခရစ္စမတ်လက်ဆောင်တွေ ပို့ဆောင် လှူဒါန်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ယခုလို လူတိုင်းနီးပါး စီးပွားရေး ကြပ်တည်းနေတဲ့ ကိုဗစ်ကာလ အတွင်းမှာ လှူဒါန်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဝမ်းသာ ကြည်နူးရသလို အခြားထိပ်တန်း အသင်းကြီးတွေလည်း မန်ချက်စတာ ယူနိုက်တက် အသင်းလို လှူဒါန်းမှုတွေ ပြုလုပ်လာမယ်လို့ မျှော်လင့်မိကြောင်း ဖော်ပြရင်း…။