မန်ချက်စတာမြို့ခံ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်စီးတီးအသင်း နဲ့ မန်ယူအသင်းတို့ဟာ အသင်းရဲ့ ကစားသမား ကိုယ်စီ ဖြစ်ကြတဲ့ မန်စီးတီး ကွင်းလယ်လူ ဖိုဒင် နဲ့ မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အမျိုးသမီးတွေ ဟိုတယ် ခေါ်ယူခဲ့တာအတွက် ကိုယ်စီ ဝေဖန်ပြစ်တင်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ ကွင်းလယ်လူ ဖိုဒင်ဟာ အိုက်စ်လန်နိုင်ငံမှာ ရှိနေချိန်မှာ အမျိုးသမီးတွေကို ဟိုတယ် ခေါ်ခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပြီး သူတို့က ယခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် အင်္ဂလန်အသင်းအတွက် စကစားရတာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဂရင်းဝုဒ် နဲ့ ဖိုဒင်ဟာ အမျိုးသမီး (၂) ဦးကို တစ်ယောက်စီအတွက် ဟိုတယ် ခေါ်ခဲ့ကြတာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ အသင်းတိုက်စစ်မှူး မေဆွန် ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို  စိတ်ပျက်တယ်လို့ စာစောင် ထုတ်ပြန်ပြီးတော့ ပြင်းပြင်းထန်ထန် ရှုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းက “မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘောလုံး အဖွဲ့ချုပ် (FA) နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပြီး ဒီအခြေအနေနဲ့ ပက်သက်ပြီး မေဆွန် ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို စိတ်ပျက်မိပါတယ်” လို့ တရားဝင် စာစောင် ထုတ်ပြန်ပြီး အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

Photo Credit: TheSun

ဖိုဒင် နဲ့ ဂရင်းဝုဒ်တို့ဟာ အင်္ဂလန်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ချက်စတာမြို့ကို ပြန်လာရတော့မှာ ဖြစ်ပြီး မန်စီးတီးအသင်းကလည်း အသင်းကွင်းလယ်လူ ဖိုဒင်ရဲ့ လုပ်ရပ်ဟာ မန်စီးတီး ကစားသမား တစ်ဦးရဲ့ စံနှုန်းအောက်ကို ရောက်နေတယ်လို့လည်း ရှုတ်ချခဲ့ပါတယ်။ မန်စီးတီးအသင်းက “ဖီလ် ဖိုဒင်ရဲ့ လုပ်ရပ်က လုံးဝ မသင့်လျော်ဘူး ဆိုတာ ရှင်းနေတယ်။ သူ့ရဲ့ အပြုအမှုက ကိုဗစ်နဲ့ ဆက်စပ်တဲ့ ညွန်ကြားချက်တွေကို တိုက်ရိုက် ချိုးဖောက်ရုံသာမကဘဲ မန်စီးတီး နဲ့ အင်္ဂလန် ကစားသမားရဲ့ စံနှုန်းအောက်ကို ရောက်နေပါတယ်”လို့ ရှုတ်ချသွားပါတယ်။