MySport Myanmar

ဂျုဗီရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်တဲ့ ဒီလစ်

မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးတို့လို နာမည်ကျော် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ နယ်သာလန် နောက်ခံကစားသမားလေး ဒီလစ်က သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းလည်း တိုးမြှင့်သွားနိုင်သလို ငြင်းဆန်ပယ်ချမှုလည်း ပြုလုပ်နိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ် နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီလစ်ဟာ အသက်(၉)နှစ်သား အရွှယ်မှာကတည်းက အေဂျက်စ် လူငယ်အကယ်ဒမီကို ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၆ခုနှစ်မှာပဲ အေဂျက်စ်စီနီယာအသင်းအတွက် စတင်ပါဝင်ကစားပေးခဲ့ရသလို နောက်တစ်နှစ်အကြာမှာပဲ အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကိုပါ ထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ Golden Boy ဆုရ ရရှိတဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဒီလစ်ကို အေဂျက်စ်ကနေ ခေါ်ယူဖို့အတွက် အသင်းပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့် ဂျုဗင်တပ်စ်အသင်းက အခြားအသင်းတွေထက် လက်ဦးနိုင်ခဲ့ပြီး ဒီလစ်ကို ၂၀၁၉ နွေရာသီမှာပဲ ယူရို(၇၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စီးရီးအေပြိုင်ပွဲကို (၃)ရာသီအထိ ဖြတ်သန်းထားခဲ့တဲ့ ဒီလစ်ဟာ အသင်းအတွက် စီးရီးအေပွဲပေါင်း (၈၇)ပွဲအထိ ပါဝင်ထားခဲ့ရသလို သွင်းဂိုး(၈)ဂိုးပါ သွင်းယူနိုင်ခဲ့ပေမယ့် ချီလီနီ ဘနူချီတို့လို အသင်းရဲ့ ဝါရင့်ခံစစ်မှူးတွေနဲ့အတူ အလှည့်ကျ ကစားခဲ့ရတာဖြစ်လို့ ပွဲတိုင်းနီးပါး ပါဝင်ရခြင်း မရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ချီလီနီက အသင်းနဲ့ လမ်းခွဲသွားပြီဖြစ်တာကြောင့် လာမယ့်နှစ်ကနေ စတင်ပြီး ဒီလစ်ဟာ ဂျုဗီရဲ့ခံစစ်မှာ ဘနူချီနဲ့သာ တွဲဖက်ကာ ပွဲအရေအတွက်များစွာ ကစားရဖွယ် ရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့်ရော ဒီလစ်ကို ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတွေက စောင့်ကြည့်နေတာကြောင့်ပါ ဂျုဗင်တပ်စ်ဘက်က ဒီလစ်ကို စာချုပ်သက်တမ်း တိုးမြှင့်သွားချင်ပေမယ့် ဒီလစ်ကိုယ်တိုင်ကတော့ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာသေးတဲ့ အခြေအနေမှာသာ ရှိနေကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။ ဒီလစ်က “ကျွန်တော်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ အချိန်ကောင်းတစ်ခု ရောက်ရှိလာပြီဆိုတာနဲ့ သက်တမ်းတိုးဖို့ ဒါမှမဟုတ် တခြားစဉ်းစားစရာတွေကို ထပ်ကြည့်ဖို့ ဆုံးဖြတ်သွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version