ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ (၉)နှစ်နီးပါးလောက် လက်တွဲခဲ့တဲ့ ကလပ်အသင်းကနေ ထွက်ခွာသွားတော့မယ့် စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဟက်ဇ်ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ သူတို့ရဲ့ ကစားသမားဟောင်း ဂရီးဇ်မန်းနဲ့ လဲလှယ်သွားဖို့ထက် သူ့ကို အလိုရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲက တစ်သင်းသင်းစီကိုသာ ရောင်းချသွားဖို့သာ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာအူးဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက စတင်ပါဝင်ကစားလာခဲ့တဲ့ အသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်သလို အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးလည်း ဖြစ်တာကြောင့် အပြောင်းအရွှေ့စျေးကွက် ဖွင့်ချိန်တိုင်းမှာ သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အမြဲလိုလို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အခုလည်း အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဆာအူးကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက် ရှိနေကြပြီး ဘာစီလိုနာ တိုက်စစ်ကစားသမား ဂရီးဇ်မန်းနဲ့ လဲလှယ်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။

Photo Credit : The Sun

ဒါပေမယ့် စပိန်လာလီဂါပြိုင်ပွဲမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအရ ကစားသမား လဲလှယ်မှုဆိုတာကို လုပ်ဆောင်လို့ မရနိုင်တာကြောင့် မနှစ်က နွေစျေးကွက်အတွင်း ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ပီယာနစ်နဲ့ အာသာမယ်လ်လိုတို့ အပြောင်းအရွှေ့လို လုပ်ဆောင်ရနိုင်ပြီး ဘာစီလိုနာဘက်ကတော့ ဂရီးဇ်မန်းနဲ့ ဆာအူးတို့ရဲ့ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးကို ပိုမိုအလိုရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အသက်လက်တီကိုအသင်းဘက်ကနေ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ထက် သူတို့ကစားသမား ဆာအူးကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲက တစ်သင်းသင်းဆီကိုပဲ ရောင်းချသွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ဆာအူးကို ချယ်လ်ဆီး ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့နေရာမှာ ကစားသမားသစ် ပြန်လည်အစားထိုးဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းကတော့ ဆာအူးကို အမှန်တကယ် အလိုရှိနေပါတယ်။ ဆာအူးအနေနဲ့ လာလီဂါကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီမှာ ပြောင်းရွှေ့ကစားချင်နေပြီး ဒီစျေးကွက်အတွင်းမှာပဲ အသက်လက်တီကိုကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေပါတယ်။