ဘိုင်ယန်မြူးနစ်အသင်းဘက်ကနေ စိတ်ဝင်စားခံနေရမှုအပေါ်မှာ သူ့အနေနဲ့ ဘယ်လိုမှ မှတ်ချက်မပေးလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘွန်ဒက်လီဂါထက် ပရီးမီးယားလိဂ်ဆီကိုသာ ခြေချချင်နေတဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမားလေး တီမိုဝါနာကို လီဗာပူးလ်အသင်းဘက်ကနေ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဂျာမနီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့သာ ဝါနာရဲ့အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေကို ပြုလုပ်ထားကြပြီး နောက်လအတွင်းလောက်မှာပဲ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။

Photo Credit : Transfermarket

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်မှူးလေး တီမိုဝါနာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းလောက်ကပဲ သူရဲ့အတောက်ပဆုံးခြေစွမ်းတွေကို ပြသလာခဲ့ရင်းနဲ့ ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံလာရတာဖြစ်ပါတယ်။ လက်ရှိမှာ ဝါနာကို လီဗာပူးလ် ချယ်လ်ဆီး ဘိုင်ယန်မြူးနစ် မန်ချက်စတာယူနိုက်တက်အသင်းတို့အပြင် အသင်းကြီးပေါင်းများစွာတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဝါနာကို ခေါ်ယူဖို့ ချိတ်ဆက်လာတဲ့အသင်းတွေထဲကမှ ဝါနာကိုယ်တိုင်က ယာဂင်ကလော့နည်းပြနေတဲ့ လီဗာပူးလ်အသင်းဆီကိုပဲ ရွေးချယ်ချင်နေပါတယ်။

Photo Credit : DW

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ ဝါနာဟာ လီဗာပူးလ်ကိုပဲ ရောက်ရှိဖို့ အခြေအနေအရမ်းများနေတယ်လို့ သုံးသပ်ဖော်ပြမှုတွေ ထွက်ပေါ်နေပေမယ့်လည်း ဂျာမန်ကနေ ထွက်ပေါ်နေတဲ့ သတင်းတစ်ရပ်မှာတော့ ဝါနာကို ခေါ်ယူနိုင်ဖို့ လာရောက်ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့သာ ဝါနာရဲ့အေးဂျင့်နဲ့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။ ဝါနာနဲ့ လိုက်ပ်ဇစ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေအရ လာမယ့်ဇွန်လ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ပေါင်(၅၂)သန်းတန် ဝါနာရဲ့စာချုပ်လျော်ကြေးက စတင်သက်ရောက်တော့မှာဖြစ်တာကြောင့် အဲ့ဒီကာလအတွင်းမှာပဲ ဝါနာကို အသင်းပေါင်းများစွာက ကမ်းလှမ်းမှုတွေကို ပြုလုပ်လာနိုင်သလို လိုက်ပ်ဇစ်ကတော့ အဲ့ဒီ(၂)ပတ်တာ ကာလမှာ ဝါနာကို ဆက်လက်ထိန်းသိမ်းထားပြီး စာချုပ်လျော်ကြေးကို (၂)ဆလောက် ထပ်မံတိုးမြှင့်ဖွယ်ရှိနေပါတယ်။