၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုလက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသခဲ့တဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန်အန်မရာဘတ်ကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်တုန်းက ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း အပါအဝင် ဖြစ်တယ်လို့ ကစားသမားရဲ့ အစ်ကိုဖြစ်သူ နော်ဒင်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Unbelievable!' - Amrabat hails Morocco spirit in World Cup quarter-final  win against Portugal | Goal.com

Photo Credit : Goal

အသက်(၂၆)နှစ်အရွယ်ရှိ ကွင်းလယ်လူ အန်မရာဘတ်ဟာ ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းကို ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး မော်ရိုကိုရဲ့ ကွင်းလယ်ပိုင်းတစ်ခုလုံးကိုပါ အကောင်းဆုံး မောင်းနှင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ ကွင်းလယ်ခံစစ်နေရာကို အဓိကထား ကစားတတ်တဲ့ အန်မရာဘတ်ဟာ လက်ရှိမှာတော့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး သူနဲ့ ဖီအိုရင်တီးနားအသင်းတို့ကြား စာချုပ်သက်တမ်းကလည်း ၂၀၂၄ ဇွန်လထိသာ ရှိနေတော့တာကြောင့် လာမယ့်နွေမှာတော့ ဒီကစားသမား အနာဂတ် အခြေအနေက စောင့်ကြည့်ချင်စရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : talkSPORT

နွေဈေးကွက် မရောက်ရှိခင် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်အတွင်းမှာပဲ အန်မရာဘတ်ကို ကလပ်အသင်းတွေ များစွာက အပြိုင်အဆိုင် အလိုရှိကြပြီး ဘာစီလိုနာ မန်ယူနိုက်တက် လီဗာပူးလ် စပါးတို့ဟာလည်း အန်မရာဘတ်ကို ချဉ်းကပ်ကြပါသေးတယ်။ ဒီကစားသမားရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကစားသမား အစ်ကိုဖြစ်သူက “အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနှစ်ရက် ဒါမှမဟုတ် သုံးရက်အတွင်းမှာ အန်မရာဘတ်ကို ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းခဲ့တဲ့ အသင်းသုံးသင်း ရှိခဲ့တယ်။ ဘယ်အသင်းတွေဆိုတာကိုလဲ ကျွန်တော် ပြောပြနိုင်တယ်။ မန်ချက်စတာယူနိုက်တက်အသင်းက အပြီးခေါ်ယူမှုပါ ပါဝင်တဲ့ အငှားစာချုပ်နဲ့ အန်မရာဘတ်ကို အလိုရှိခဲ့ပေမယ့် ဖီအိုရင်တီးနားဘက်ကတော့ ပယ်ချခဲ့တယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်ဟာ အန်မရာဘတ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်သူ မာဆယ်ဆာဘစ်ဇာကိုတော့ ဘိုင်ယန်မြူးနစ်ကနေ (၆)လအငှားနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိ ဆာဘစ်ဇာရဲ့ အသင်းအပေါ် အကျိုးပြုနိုင်မှုတွေကြောင့် အငှားစာချုပ် ပြည့်မြောက်ချိန်မှာ အပြီးသတ် ခေါ်ယူသွားဖွယ်ပါ ရှိနေပါတယ်။