ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန် လိဂ်-၂ ကလပ် စတီဗင်အေ့ချ်ရဲ့ လူငယ်ဂိုးသမား ဟာရီဆန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ဂိုးသမား ဟာရီဆန်ဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကြယ်ပွင့်တဦး အဖြစ် အင်္ဂလန် ကင်းထောက်တွေရဲ့ တညီတညွတ်ထဲ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်သလို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

Photo Credit: Standard

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်အသင်း အများစုက ဟာရီဆန်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ကြပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဟာရီဆန်ကို ခေါ်ယူဖို့ ကစားသမားနဲ့ရော အသင်းနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေကလည်း ဟာရီဆန်က အသင်းရဲ့ လူငယ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို အတည်ပြုပေးခဲ့ပြီး ဟာရီဆန်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အရန်အသင်းမှာ ဝင်ရောက် ကစားဖို့ ရှိနေကာ အသင်းရဲ့ စတုတ္ထမြောက် ဦးစားပေး ဂိုးသမား အဖြစ် သတ်မှတ်ခံရဖွယ် ရှိကြောင်းလည်း ဆိုပါတယ်။