ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်းနည်းပြရာထူး အတွက် နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကို ၄နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် နည်းပြလည်း ဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကို ရေရှည်ကိုင်တွယ်နိုင်သလို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်မယ့် နည်းပြကောင်း တဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကနဦးမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ စပိန်လက်ရွေးစင်နည်းပြ အင်းနရစ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ၊ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့်ပဲ လူငယ်တွေကို အခွင့်အရေးပေးပြီး အေဂျက်ကို ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ တန်ဟက်ဂ်ကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပါတယ်။

အသက် ၅၂နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ အတွေ့အကြုံရင့် နည်းပြကောင်း တဦး ဖြစ်ပြီး မက္ကလာရင် ၊ ဂွာဒီယိုလာ စတဲ့ ထိပ်သီးနည်းပြတွေရဲ့ လက်ထောက်နည်းပြ လုပ်ဖူးသလို သူ့ရဲ့ ဘောလုံးအတွေးအခေါ် ၊ လူငယ်တွေကို နေရာပေးမှု ၊ အောင်မြင်မှုတွေကို ဆာလောင်မှု စတဲ့ အရာတွေက မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့အနေနဲ့ တန်ဟက်ဂ်ကို သဘောကျစေခဲ့တဲ့ အဓိက အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အဲရစ် တန်ဟက်ဂ်ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး အတွက် အေဂျက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကာ မကြာခင်မှာပဲ နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိဖွယ် ရှိနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ဂ်အတွက် အေဂျက်ထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂သန်း ပေးရဖို့ ရှိနေကာ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်းကို ဧပြီလ ၁၈ရက်နေ့ နောက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။