ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ပေါ်တူဂီအသင်း တစ်သင်းဖြစ်တဲ့ ပေါ်တိုအသင်းရဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ အဲလက် တဲလက်စ်ကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ်ဟာ လက်ရှိမှာ ပေါ်တိုအသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပေမယ့် ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သလို ယခု နွေစျေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူ တစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေထဲက မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ သဘော တူညီမှု ရရှိခဲ့သူပါ။

Photo Credit: Metro

ဒါပေမယ့် ပေါ်တိုအသင်းက တဲလက်စ် အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၀ သန်းကို မန်ယူအသင်းက ပေးချေဖို့ တွန့်ဆုတ် နေသလို မန်ယူအသင်းဟာ တဲလက်စ် အတွက် ပြောင်းရွှေ့​ကြေး ယူရို၁၃သန်း ဝန်းကျင်နဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ဟာ ကြန့်ကြာ နေရတာလည်း ဖြစ်ပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ တဲလက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် သဘော တူညီမှု တစ်ခုကို ယခုည အစောပိုင်းမှာ ရရှိခဲ့ပြီး မန်ယူအသင်းဟာ တဲလက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း (ပေါင် ၁၈သန်းကျော်) ကို ပေးချေရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Metro

ဒါ့အပြင် Sky Sports သတင်းဌာနရဲ့ အဆိုအရ တဲလက်စ်ဟာ ယနေ့ညမှာပဲ မန်ယူအသင်းနဲ့ ဆေးစစ်မှု ပြုလုပ်တော့မှာ ဖြစ်ကာ ဆေးစစ်မှုတွေ ပြီးဆုံးပါက နိုင်ငံလက်ရွေးစင် အသင်းနဲ့ ပူးပေါင်းဖို့ ထွက်ခွာမှာ ဖြစ်ကြောင်း ထပ်လောင်း သိရှိရပါတယ်။ ကနဦးမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ တဲလက်စ်ဟာ မန်ယူအသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၈၀၀၀၀ ဝန်းကျင် ရရှိမှာ ဖြစ်ကာ မန်ယူအသင်းဟာ တဲလက်စ်ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်ကြောင်း သိထား ရပါတယ်။ တဲလက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မနက်ဖြန် မနက်မှာတော့ နှစ်ဖက်အသင်းတွေဟာ တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိကြောင်း ဘောလုံး သုတေသီတွေက သုံးသပ်ထားကြပါတယ်။