ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းကတော့ ဥရုဂွေးအသင်း တစ်သင်းဖြစ်တဲ့ ပီနာရိုးလ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားဖြစ်တဲ့ ဖာကွန်ဒို ပယ်လီစရီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် ပယ်လီစရီဟာ အနာဂတ်မှာ ဥရုဂွေးအသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာမယ့်သူအဖြစ် ဘောလုံး သုတေသီတွေရဲ့ သုံးသပ်ရှုမြင်ခြင်းကို ခံထားရသူဖြစ်သလို မန်ယူအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဖော်လန်ကလည်း ပယ်ရီစရီကို ခေါ်ယူဖို့အတွက် မန်ယူအသင်းကို တိုက်တွန်းထားပါတယ်။

Photo Credit: Standard

အသက် ၁၈နှစ်သာ ရှိသေးပေမယ့် ပယ်လီစရီဟာ ပီနာရိုးလ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃ရပွဲအထိ ပါဝင် ကစားပေးထားသလို သွင်းဂိုး ၂ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ပေးထားနိုင်သူပဲ ဖြစ်ပါတယ်။ ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ပယ်ရီစရီကို ခေါ်ယူဖို့အတွက် ရေပန်းစားခဲ့တဲ့ အသင်းဟာ မန်ယူအသင်း မဟုတ်ခဲ့ပဲ ပြင်သစ်နာမည်ကြီး အသင်းဖြစ်တဲ့ လိုင်ယွန်အသင်းသာ ဖြစ်ပေမယ့် မန်ယူအသင်း ဟာ လွန်ခဲ့တဲ့ နှစ်ရက်မှ စတင်ကာ ပယ်ရီစရီကို ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းခဲ့တာကြောင့် လိုင်ယွန်အသင်း ကို ကျော်ဖြတ်ကာ ပယ်ရီစရီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း ဥရုဂွေး အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Standard

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ပယ်လီစရီအတွက် ပီနာရိုးလ်အသင်းကို စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို ၁ဝသန်း ပေးချေရမှာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပယ်လီစရီရဲ့ အေးဂျင့်အဖွဲ့နဲ့ သဘောတူညီမှု ရရှိရန်သာ လိုအပ်တော့ကြောင်း သိရပါတယ်။ အဆိုပါ သတင်းတွေ အပေါ် နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ Fabrizio Romanoကလည်း အတည်ပြု ပေးထားပြီး ဆွေးနွေးညှိနှိုင်းစရာ တချို့ ကျန်နေသေးပေမယ့် ပယ်လီစရီဟာ မန်ယူအသင်းရဲ့ ကစားသမားသစ် ဖြစ်လာမယ့်သူ အဖြစ် ယူဆလို့ ရကြောင်း Romanoက ဆိုပါတယ်။ ဥရုဂွေး အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ပယ်လီစရီဟာ မကြာမီမှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ မန်ချက်စတာမြို့ဆီ ထွက်ခွာလာတော့မယ်လို့ သိရပါတယ်ခင်ဗျာ။