MySport Myanmar

လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အေဂျက်ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်အား ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယနေ့မနက်ပိုင်းမှာပဲ ရယူနိုင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး မာတီနက်ဇ်က ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမား တဦး ဖြစ်ပြီး ကစားပုံ မာကျောကာ လိုအပ်ရင် လိုအပ်သလို သွင်းဂိုးတွေပါ သွင်းယူပေးနိုင်စွမ်း ရှိသူပါ။

Photo Credit: Mirror

မာတီနက်ဇ်က အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၁၂၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်္ဂလန်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာပါ။

လက်ရှိအချိန်မှာတော့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက မာတီနက်ဇ် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပြီး အာဆင်နယ်က မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ကမ်းလှမ်းထားကာ မန်ချက်စတာ ယူနိုက်တက်ကတော့ မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ကမ်းလှမ်းထားပါတယ်။

Photo Credit: Mirror

အေဂျက်က မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း တောင်းဆိုထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေသလို မာတီနက်ဇ်ကလည်း ဆရာရင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း ယနေ့မနက်ပိုင်းမှာပဲ နာမည်ကြီး သတင်းထောက် တယ်ရီ ဖလူဝါက ဖော်ပြသွားခဲ့ပါတယ်။

တယ်ရီ ဖလူဝါရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အဲရစ် တန်ဟက်ဂ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ဆုံစည်းဖို့ ခေါင်းညိတ်ခဲ့ကာ မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို သူ အေဂျက်မှာ ရနေတဲ့ လုပ်ခလစာထက် ၃ဆ ပိုများတဲ့ လုပ်ခလစာ တရပ် ပေးချေဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

Exit mobile version