အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ပေါ်တူဂီကလပ် စပို့တင်းအသင်းရဲ့ အသက် ၁၆နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ် ကြယ်ပွင့် ကစားသမား လူးဝစ် ဂိုးမက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် အကြိုသဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက်၁၆နှစ် အရွယ်သာ ရှိသေးတဲ့ လူးဝစ် ဂိုးမက်စ်ဟာ ပေါ်တူဂီအသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဖီဂိုလက်သစ် အဖြစ် ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေရဲ့ ချီးကျူးခြင်းကို ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

လူးဝစ် ဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကမှ စပို့တင်းအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့် မန်ယူအသင်းဟာ အနာဂတ် မှာ သူ့ကို ခေါ်ယူချင်ပါက ခေါ်ယူနိုင်တဲ့ သဘော တူညီမှု တစ်ခုကို စပို့တင်းအသင်းနဲ့ ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Mirror သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ Mirror သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းဟာ ဂိုးမက်စ်ကို ခေါ်ယူဦးမှာ မဟုတ်ပေမယ့် အနာဂတ်မှာ စပို့တင်းအသင်းက ဂိုးမက်စ်ကို ရောင်းချတော့မယ် ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် ၁၄သန်းနဲ့ ဦးစွာ ခေါ်ယူခွင့် ဆိုတဲ့ သဘော တူညီမှု တစ်ခုကို စပို့တင်းအသင်းနဲ့ ရရှိခဲ့တာ ဖြစ်ပြီး စပို့တင်းအသင်းဟာ မန်ယူအသင်းရဲ့ ခွင့်ပြုချက် မပါပဲ လူးဝစ် ဂိုးမက်စ်ကို ရောင်းချနိုင်မှာ မဟုတ်​ကြောင်းလည်း သိရပါတယ်။

Photo Credit: Mirror

ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားပြီး လူးဝစ် ဂိုးမက်စ်ကို ခေါ်ယူဖို့အတွက် စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက ကြိုးစားခဲ့သေးပေမယ့် ဂိုးမက်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဖော်ပြ ထားကြပါတယ်။ လူးဝစ် ဂိုးမက်စ်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဂိုးမက်စ်ဟာ မန်ယူအသင်းမှာ ကစားဖို့အတွက်သာ စိတ်ကူး ရှိတာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဖီဂိုလက်သစ် အဖြစ် တင်စားခံထားရတဲ့ လူးဝစ် ဂိုးမက်စ် တစ်ယောက် သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။