ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အီကွေဒေါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်ဒီပန်းဒီယန့် အသင်းရဲ့ လူငယ် ကွင်းလယ် ကြယ်ပွင့် ကိုင်စီဒိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် အပြီးသတ် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီတို့ရဲ့ ကစားဟန်တွေ ရှိတဲ့ ကစားသမား အဖြစ် ကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Express

အသက် ၁၉နှစ် အရွယ်သာ ရှိသေးပေမယ့် ကိုင်စီဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ အင်ဒီပန်းဒီယန့် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား အဖြစ် အသုံးတော်ခံနေသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားကာ ၆ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုင်စီဒိုကို အခြား ဥရောပ အသင်းကြီးတွေ မျက်စိမကျခင် ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ကိုင်စီဒိုကို အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အီကွေဒေါ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုင်စီဒိုအတွက် အင်ဒီပန်းဒီယန့် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃.၇သန်း ပေးချေသွားမှာ ဖြစ်ပြီး ကိုင်စီဒိုကိုတော့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Express

ဗြိတိန်နိုင်ငံ အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှ စတင်ကာ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး နှစ်သင်းကြားမှာ ဆွေးနွေးမှုတွေဟာ လျင်လျင်မြန်မြန်နဲ့ ပြီးပြတ်ခဲ့ကြောင်း ဖော်ပြ ထားကြပါတယ်။ ကိုင်စီဒို အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ သူတို့အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်ကြောင်း အင်ဒီပန်းဒီယန့် အသင်းရဲ့ အထွေထွေ မန်နေဂျာ မိုရာလက်စ် ကလည်း အတည်ပြု ပြောကြား ထားပါတယ်။ မိုရာလက်စ်က “ကိုင်စီဒိုကို ဥရောပအသင်း အတော်များများက စိတ်ဝင်စား နေကြပါတယ်။ သူ့အတွက် အသင်းတစ်သင်းနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ သေချာတာက ၂၀၂၁ခုနှစ်မှာ သူဟာ ကျွန်တော်တို့နဲ့အတူ ရှိနေတော့မှာ မဟုတ်ပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။