ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က မကြာမီကပဲ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ သဘောတူခဲ့ပေမယ့် လိဂ်ပြိုင်ဘက် ချယ်လ်ဆီးဆီ မရောင်းချချင်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ဆီ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို ဆုဖလားတွေလည်း သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားခဲ့တဲ့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Goal

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရိုနယ်ဒိုကို မရောင်းချချင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ လုပ်ခလစာ မြင့်မားတဲ့ ရိုနယ်ဒိုကို ရောင်းထုတ်လိုက်တာဟာ အသင်းအတွက် အကျိုးရှိမယ် လို့ ယူဆထားတာကြောင့် ရိုနယ်ဒိုကို ရောင်းချဖို့ သဘောတူလိုက်ပေမယ့် လိဂ်ပြိုင်ဘက် ချယ်လ်ဆီးဆီ ရောင်းထုတ်ဖို့ စိတ်ကူးမရှိကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အော့ဂ်ဒန်က ဆိုပါတယ်။

တဖက်မှာလည်း ချယ်လ်ဆီးရဲ့ ပိုင်ရှင်သစ် တော့ပ် ဘိုလီက ရိုနယ်ဒိုကို အသင်းဆီ ခေါ်ယူချင်နေပေမယ့် ချယ်လ်ဆီးရဲ့နည်းပြ တူဟယ်လ်က ရိုနယ်ဒိုထက် ပိုငယ်သလို ကစားအားလည်း ပိုကောင်းတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူချင်နေတာကြောင့် ချယ်လ်ဆီးအနေနဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ကူးရှိရင်တောင် အသင်းတွင်းမှာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ လိုအပ်သေးကြောင်း သိထားရပါတယ်။