အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ အတွက် အရှိန်မြှင့် ကြိုးပမ်းလာကာ သဘောတူညီမှု ရဖို့ အရမ်းကို နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ် အတွက် ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ တောင်းခဲ့တာကြောင့်သာ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။

Photo Credit: Express

ယခု နွေရာသီ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၉၅သန်း ရရှိပါက လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဆန်ချိုကို အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကာ အသင်းနှစ်သင်းကြားမှာ ဆန်ချိုအတွက် တရားဝင် ဆွေးနွေးမှုတွေဟာလည်း စတင် နေပြီပဲ ဖြစ်ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ ၂၀၁၇ခုနှစ်မှာ မန်ချက်စတာ စီးတီးအသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ပေါင် ၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲ အထိ ကစားပေးခဲ့ရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား မြှင့်တင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဆန်ချိုဘက်ကလည်း သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦး ဖြစ်တဲ့ ရက်ဖို့ဒ် ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါတယ်။ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဟွမ် ရော်ဘတ်တိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် နောက်ဆုံး ကမ်းလှမ်းမှု အဖြစ် ယူဆလို့ ရတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း + အပိုဆုကြေး ယူရို ၁၅သန်း ဖြစ်ကာ ဒေါ့မွန်အသင်းဘက်က အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။ ဒါကြောင့်ပဲ လာမယ့် ရက်သတ္တပတ် အတွင်းမှာပဲ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။