ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ သူတို့အသင်းရဲ့ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီလို့ သိရှိရပါတယ်။ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံ တိုက်စစ် နေရာ အတွက် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ ယခုနှစ် ဘောလုံးရာသီ စတင်ကတည်းက ဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ဒေါ့မွန် အသင်းနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဆွေးနွေး သွားရဖို့ ရှိပါတယ်။

Photo Credit: Express

မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်းကို ဖော်ပြခဲ့တာကတော့ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းထောက်ဖြစ်သူ ဒန်ကန် ကတ်စတယ် ဖြစ်ပြီး သူ့ရဲ့ ဖော်ပြမှုအရတော့ မန်ယူအသင်း ဟာ ဆန်ချိုကို ၅နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရကာ ဆန်ချိုဟာ မန်ယူအသင်း မှာ တစ်ပတ်လုပ်ခ အနိမ့်ဆုံး ပေါင် ၁၄၀၀၀၀ ကနေ အများဆုံး ပေါင် ၂၀၀၀၀၀ ဝန်းကျင် အထိ ရရှိဖွယ် ရှိတယ်လို့ ဒန်ကန်က ဆိုသွားခဲ့ပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချို ဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ပွဲအထိ ပါဝင် ကစားပေးထားသူ ဖြစ်ပြီး ဂိုး၂၀သွင်းယူထားခဲ့ သလို ဂိုးဖန်တီးမှု အကြိမ်၂၀ကိုလည်း ပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

Transfer Market ရဲ့ ခန့်မှန်းသုံးသပ်မှုအရ တော့ လက်ရှိအချိန်မှာ ဆန်ချိုရဲ့ တန်ကြေးဟာ ယူရို၁၁၇သန်း ဝန်းကျင် ရှိကြောင်း သိရပြီး မန်ယူအသင်းကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း အထက် မကုန်ကျလိုပဲ ဆန်ချိုကို ပေါင် ၇၀သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ တစ်ဖက်မှာလည်း ဒေါ့မွန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ရောင်းချဖို့ စီစဉ် ထားပေမယ့် ဆန်ချိုအတွက် သင့်တော်မယ့် ပြောင်းရွှေ့ကြေး ပမာဏတစ်ခုကို အလိုရှိနေပြီး ပေါင်၈၀သန်းအောက် ကမ်းလှမ်းမှုတွေကို စဉ်းစားဖို့ မရှိဘူးလို့ ဂျာမန်အခြေစိုက် သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။ ဒါ့ကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ သဘောထားကွဲလွဲမှု အနည်းငယ် ရှိနေပြီး အဆိုပါ ကွဲလွဲမှုတွေကို ညှိနှိုင်းဆွေးနွေးသွားဖို့ အချိန်အနည်းငယ် ထပ်မံ ယူရဖွယ် ရှိနေပါတယ်။