ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် အေဂျက်ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ အေဂျက်နဲ့ရော ၊ ကစားသမားနဲ့ပါ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ခံစစ်ကြောင်းနဲ့ ကွင်းလယ်ခံစစ် နေရာကို ဖာထေးနိုင်ဖို့ ဗဟိုခံစစ် ၊ ကွင်းလယ်ခံစစ်နဲ့ ဘယ်နောက်ခံလူ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရန် ယခုလ စတင်ချိန်ကတည်းက အရှိန်မြှင့်ကာ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယခုအချိန်မှသာ သဘောတူညီမှု ရရှိသွားခဲ့တာပါ။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ်ကို ၅နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုအား ယမန်နေ့ညမှာ ရယူနိုင်ခဲ့တာ ဖြစ်ပြီး အေဂျက်နဲ့ မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ယနေ့မှသာ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၆သန်းနဲ့ ခေါ်ယူဖို့ ယနေ့မှာပဲ အေဂျက်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး မာတီနက်ဇ်ကလည်း ယနေ့မှာ အေဂျက်နဲ့ လေ့ကျင့်ခန်း မလုပ်ဆောင်တော့ပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ရန် မန်ချက်စတာမြို့ဆီ လာရောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

လီဆန်ဒရို မာတီနက်ဇ်က ယခုတပတ်ထဲမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးတာနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။