ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ရာဖေးလ် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဗာရန်းကတော့ အဆိုပါ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

Photo Credit: AS English

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တခုကြာအောင် ကစားခဲ့သလို အသင်းနဲ့ ရနိုင်တဲ့ ဆုဖလားတွေ အားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် စိန်ခေါ်မှုအသစ်တွေ ရရှိနိုင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် ရရှိအောင် ကြိုးပမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့ ဖိဖိစီးစီး ကြိုးစားနေပြီး ဗာရန်းကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုလည်း ရရှိထားပါတယ်။

Photo Credit: AS English

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ABC သတင်းဌာနရဲ့ ယခုညနေ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဆွေးနွေးမှု အောင်မြင်ခဲ့ပြီး ဗာရန်းကို ပြောင်းရွှေ့ကြေး ယူရို ၅၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

အခြား စပိန်အခြေစိုက် သတင်းဌာနတွေကလည်း သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းတွေကို အတည်ပြု ပေးထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရဖို့ ရှိကာ ဗာရန်းဟာ အားလပ်ရက် ပြီးဆုံးတာနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ လာရောက်ဖို့ စီစဉ်နေပါတယ်။