မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီးနောက်မှာ သူ့နေရာအတွက် နောက်ထပ်တိုက်စစ်မှူးတစ်ယောက် အစားထိုးခေါ်ယူခဲ့ခြင်းမရှိပဲ အသင်းရဲ့ ရှိရင်းစွဲကစားသမားတွေဖြစ်တဲ့ ရပ်ဖိုဒ့် မာစီယဲလ်နဲ့ ဂရင်းဝုဒ်တို့ကို ဆက်လက်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းအင်အားမြင့်တင်စေနိုင်ဖို့အတွက် တိုက်စစ်ကစားသမားတစ်ဦးကိုတော့ ခေါ်ယူဖို့ ဟန်ပြင်နေပြီး လက်ရှိမှာတော့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို ယူရိုသန်း(၇၀)နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်ဆိုကာ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Bein Sports

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီဟာ လက်ရှိ လိုင်ယွန်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပေမယ့်လည်း ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဖူဟမ်အသင်းနဲ့အတူ အင်္ဂလန်မြေမှာ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၈ခုနှစ်ကမှ ဆဲလ်တစ်အသင်းကနေ လိုင်ယွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားရင်းနဲ့ (၈၈)ပွဲမှာ သွင်းဂိုးပေါင်း(၄၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Filpboard

လိုင်ယွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီတိုက်စစ်ကစားသမားကို မန်ချက်စတာယူနိုက်တက် ချယ်ဆီး အာဆင်နယ်အသင်းတို့အပြင် ဂျုဗင်တပ်စ်အသင်းတို့ကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်တုန်းကလည်း ချယ်လ်ဆီးအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ လိုင်ယွန်အသင်းကတော့ သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ကစားဖို့ ရှိနေသေးတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့သလို လာမယ့်နွေစျေးကွက်မှာလည်း ရောင်းချခြင်းမပြုချင်ပေမယ့် မှန်ကန်တဲ့ စျေးနှုန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ Daily Express လို နာမည်ကျော် ဗြိတိန်သတင်းမီဒီယာတွေကနေ ဒမ်ဘီလီကို ယူနိုက်တက်အသင်းကနေ ယူရိုသန်း(၇၀) ပေါင်(၆၁)သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိ ပြင်သစ်လီဂူးပြိုင်ပွဲကို ရပ်နားလိုက်ပြီဖြစ်ပြီး လိုင်ယွန်ကလည်း လာမယ့်နှစ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီဖြစ်လို့ ဒမ်ဘီလီကို ရောင်းချဖို့က သေချာသလောက်ကို ဖြစ်လာနိုင်ပါတယ်။