ပြီးခဲ့တဲ့ဘောလုံးရာသီဝက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး အသင်းကိုလည်း ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံခဲ့ရပေမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကို ဆင်နွဲရမယ့် လက်ရွေးစင်အသင်းမှာတော့ ကံဆိုးစွာနဲ့ပဲ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ဘာမှမစွမ်းဆောင်နိုင်ခဲ့တာကြောင့် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရာကနေ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ရင်း သူရဲ့အကောင်းဆုံး ခြေစွမ်းတွေကိုပါ ပြန်လည်ပြသလာနိုင်ခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုးအထိကိုပင် သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၅)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသလာနိုင်တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ မတ်လမှာပဲ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရသလို ယူရို-၂၀၂ဝမှာပါ ရွေးချယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေက မြင့်တတ်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လင်ဂတ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ထပ်မံရွေးချယ်ခံရခြင်းမရှိပဲ ချန်လှပ်ခံခဲ့ရတာကြောင့် ဒါဟာ သူ့ကို နာကျင်စေခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လင်ဂတ်က “ဒီဖြစ်ရပ်ကြောင့် စိတ်ခံစားမှုတွေ ဖြစ်ခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်။ စိတ်ဓါတ်တွေ ကျဆင်းခဲ့ရတယ်။ ဒါပေမယ့်လည်း နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်နဲ့ ဂါရတ်တို့ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးက ရှိလို့နေပါတယ်။ အခုတော့ ကျွန်တော်ရဲ့ အင်္ဂလန်အသင်းဖော်ကြီးတွေအတွက် အားပေးလို့နေပါတယ်။ ကျွန်တော် အင်္ဂလန်ပွဲတွေကို ကြည့်ရှုရတာ အရမ်းသဘောကျပါတယ်။ အခုကတော့ ကျွန်တော်ကိုယ်တိုင် ပရိသတ်နေရာ ပြန်ရောက်နေတာပေါ့။ အသင်းရဲ့ ယူရိုအဖွင့်ပွဲစဉ်ကို Beer Garden ကနေ အားပေးရတာကို ကျွန်တော်အရမ်းကြိုက်တယ်။ အကောင်းဆုံးကြိုးစားခဲ့ပြီးမှ လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရပေမယ့်လည်း ကျွန်တော့်သူငယ်ချင်းတွေကိုတော့ အမြဲတမ်း အားပေးသွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လင်ဂတ်ဟာ လက်ရှိမှာ ဝက်စ်ဟမ်းအသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ သတင်းထွက်နေပေမယ့် ယူနိုက်တက်မှာပဲ ဆက်နေပြီး ပုံမှန်နေရာပြန်ရဖို့ တိုက်ပွဲဝင်သွားဖွယ် ရှိနေပါတယ်။