မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အက်ဒီဆင်ကာဗာနီဟာ ဆောက်သမ်တန်အသင်းကို (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ရယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အင်စတာဂရမ်ပေါ်မှာ သူ့ကိုချီးကျူးစကားဆိုခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ပိုစ့်မှာ ကျေးဇူးတင်စကား ပြန်လည်ရေးသားခဲ့ရင်းနဲ့ လူမည်းတွေကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတစ်ခုကို သုံးစွဲမိခဲ့သလို ဖြစ်သွားခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ခဲ့သလို သူရဲ့စကားတွေကိုလည်း ပြန်ဖျက်လိုက်ပြီလို့ အသိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၃)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိန်မှာ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်နိုင်ခဲ့ကာ (၃)မှတ်အပြည့် ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလိုအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ ကာဗာနီကို ပွဲအပြီးမှာတော့ ပရိသတ်တစ်ဦးက ကာဗာနီရဲ့အောင်ပွဲခံနေတဲ့ ဓာတ်ပုံနဲ့အတူ “မင်းကိုချစ်တယ် Matador”ဆိုတဲ့ စာသားရေးသားထားတဲ့ ပို့စ်ကို အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့ရာ ကာဗာနီက “ကျေဇူးတင်ပါတယ် Negrito(လူမည်းတွေကို ရည်ညွန်းတဲ့စကား)ကို ပြန်လည်ရေးသားမိခဲ့လို့ အထင်လွဲခံနေရသလို အက်အေရဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ဒီလို စကားလုံးအသုံးအနှုန်းကို သုံးစွဲမိခဲ့တဲ့ ကာဗာနီရဲ့လုပ်ရက်အပေါ် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကနေ စစ်ဆေးလို့နေပြီး အပြစ်ရှိတယ်ဆိုရင် ဒဏ်ငွေတချို့နဲ့ (၃)ပွဲပယ်ပြစ်ဒဏ်လောက်အထိ အရေးယူနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကာဗာနီက “ပွဲအပြီး ကျွန်တော်ရေးတင်လိုက်မိတာဟာ ပွဲအပြီးမှာ ကျွန်တော့်ကို ဂုဏ်ပြုစကားဆိုထားခဲ့တဲ့ ကျွန်တော်ရဲ့မိတ်ဆွေကို တရင်းတနှီးနဲ့ ပြန်လည်နှုတ်ဆက်တဲ့သဘောပါ။ ကျွန်တော် နောက်ဆုံးရေးသားမိလိုက်တဲ့ အကြောင်းအရာက အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့ရပါတယ်။ ကျွန်တော်က လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင့်တဲ့သူတစ်ယောက်ပါ။ ဒီစကားက တခြားအဓိပ္ပာယ်ကို သက်ရောက်နေတယ်ဆိုတာကို သိသိချင်းမှာပဲ ပြန်လည်ဖျက်ပစ်လိုက်ပါတယ်။ ဒီကိစ္စရပ်အတွက် ကျွန်တော်အသေအချာ တောင်းပန်ပါတယ်” လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ ကာဗာနီအနေနဲ့ သူရဲ့စာအရေးအသားကြောင့် ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံနိုင်ရမလားဆိုတာကို သေချာမသိရသေးပေမယ့် မနက်ဖြန်ညမှာ သူရဲ့အသင်းဟောင်း ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။