ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၈လကျော်သာ ကျန်တော့တဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မလွယ်တော့တာကို လက်ခံလိုက်ကြောင်း နာမည်ကြီး ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ တကြိမ် ထွက်ခွာခဲ့ဖူးပြီး ယခုအခါမှာလည်း အသင်းကို စွန့်ခွာဖို့ လမ်းစများနေသူပါ။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ့ဘာတို့ရဲ့ ကြားမှာ ရှိတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီလ အထိ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ပေါ့ဘာဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းနဲ့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်တော့မှာပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပေမယ့် ပေါ့ဘာကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနာဂတ် အစီအမံတွေ အပေါ် စောင့်ကြည့်ပြီးမှသာ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားချင်နေပြီး ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ပေါ့ဘာ တယောက် စာချုပ်သစ် ချုပ်ဆိုခြင်း ၊ မချုပ်ဆိုခြင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သဘောထားအပေါ် များစွာ မူတည်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေမှုများအား အရှိန်လျော့လိုက်ပြီး ပေါ့ဘာဟာ အသင်းကနေ နောက်ထပ်တကြိမ် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ကြောင်းကို လက်ခံလိုက်ပြီလို့ သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမှာ မဟုတ်ပဲ ရာသီကုန် အထိ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ပြင်ဆင်နေပါတယ်။